Thursday, October 13, 2016

ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့ က နယ်မြေဒေသအခြေအနေနှင့် ပတ်သက်၍ သြ၀ါဒမြွက်ကြား ဘူးသီးတောင်မြို့နယ်မှ မြို့မိမြို့ဖများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး


စစ်တွေ အောက်တိုဘာ ၁၃
ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဆရာတော်ကြီးများအား ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ယနေ့ နံနက် ၁၁ နာရီ တွင် ဘူးသီးတောင်မြို့ရှိ အေးစေတီကျောင်း၌ သွားရောက် ဖူးမြော်ကြည်ညို၍ ဆရာတော်များထံမှ သြ၀ါဒနာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။




မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အေးစေတီကျောင်းဆရာတော် ဦးသောမ က ဤနယ်မြေသို့ ယခုကဲ့သို့ အစိုးရအဖွဲ့ဝင်များ စုံစုံလင်လင်ဖြင့် လာရောက်ကွင်းဆင်း လာသည့်အတွက် ကြိုဆိုကြောင်းနှင့် အားတက်မိပါကြောင်း၊ တပ်မတော်ဘက်မှလည်း လူပုဂ္ဂိုလ် အဖွဲ့ အစည်းကို ဦးတည်တိုက်ခိုက်ခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်သည့်အတွက် ချေမှုန်းခြင်းဖြစ်သည်ဟု လာရောက်လျှောက်ထား ပါကြောင်း၊ ဒေသခံပြည်သူများ၏ လုံခြုံမှုစိတ်ချရရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါဟု မှာကြားလိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများကလည်း လက်ရှိဆောင်ရွက်နေမှု များကို လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် ဦးဥတ္တမခန်းမ၌ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား တွေ့ဆုံသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြသည်။
ဒေသခံပြည်သူ ဦးမောင်ကျော်သာ၊ ဦးဇော်ဝင်း၊ မြို့မိမြို့ဖ ဦးရွှေကျော်အောင်၊ ဦးနေလင်းထွန်း၊ ဦးညီညီ၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ ဒေသခံ ဦးဘစံ နှင့် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိမ်းတို့က ဆွေးနွေးတင်ပြရာတွင် တိုင်းရင်းသားများ၏ စားဝတ် နေရေးအတွက် ကူညီဖြည့်တင်းပေးရေး၊ ပြည့်စုံလုံလောက်သော လုံခြုံရေးထားရှိပေး ရေး၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို စိစစ်ရေး အဖွဲ့တွင် ရပ်မိရပ်ဖများကို ပါဝင်ဖွဲ့စည်းပေးရေး၊ ဘူးသီးတောင်မြို့နယ်သည် တစ်နေ့ လျှင် ၂ နာရီခန့်သာ မီးလင်းသဖြင့် ၆ နာရီခန့် မီးလင်းအောင် ဆောင်ရွက်ပေးရေး၊ စံပြ ကျေးရွာများ တည်ဆောက်လျှင် ခိုင်မာသော ခြံစည်းရိုးများနှင့် ပြည့်စုံလုံလောက်သော အခြေအနေဖန်တီးပေးရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရေး၊ ပြည်ထောင်စုလွှတ်တော်က ဘူးသီးတောင်၊ မောင်တော ဒေသအတွက် ခိုင်မာပြတ်သားသည့်၊ တိကျသည့် ဥပဒေများ ရေးဆွဲချမှတ်ပေးရေး၊ ယခုကဲ့သို့ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းအမည်ကို တိတိကျကျ ဖော်ထုတ်အရေးယူရေး တို့ကို ဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့ပေါ်အနီး ရပ်ကွက် ကျေးရွာအုပ်စုရှိ အစ္စလာမ်ဘာသာဝင်များနှင့် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံခဲ့သည်။

No comments:

Post a Comment