Thursday, October 27, 2016

ဖယ်ခုံအင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ဖယ်ခုံ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့၌ ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှဦးစီး၍ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန နှင့် ဖယ်ခုံအင်းထိန်းသိမ်းရေး ကော်မတီတို့ပူးပေါင်းပြီး မိုးဗြဲရေလှောင်ကန် ဖယ်ခုံအင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကို ယနေ့နံနက်က အင်းစပ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန Information Counter တွင်ကျင်းပသည်။

အခမ်းအနားပထမပိုင်းတွင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်က အဖွင့်အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဖယ်ခုံအင်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက အင်းထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းအခမ်းအနားတွင် ဒေသအတွင်း တရားမဝင်ငါးဖမ်းလုပ်ငန်းများဖြစ်သည့် ငါးရှော့တိုက်ခြင်း၊ ငါးဆေးချခြင်း၊ ယမ်းခွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုကြရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သဖြင့် တရားမဝင်ငါးဖမ်းနည်းဖြင့် ဆောင်ရွက်မှု များ ပပျောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစီအစဉ်ဒုတိယပိုင်းတွင် အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ရေလုပ်သားများ၊ ငါးလုပ်ငန်းရှင်များမှ စုပေါင်း၍  ဖယ်ခုံမြို့စက်လှေဆိပ်မှ အင်းရေပြင်အတွင်းသို့ စက်လှေများဖြင့်ထွက်ခွာပြီး ငါးမြစ်ချင်း ငါးမျိုးကောင်ရေ တစ်သိန်း စုပေါင်းစိုက်ထည့်ခဲ့ကြသည်။
အခမ်းအနားသို့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံရေလုပ်သားများ၊ ငါးလုပ်ငန်းရှင်များတက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုထွေး(ဖယ်ခုံ)

No comments:

Post a Comment