Tuesday, October 4, 2016

ပြန်ကြားရေး ဝန်ကြီးဌာနက အွန်လိုင်း သတင်းစာ ထုတ်ဝေရေး ဆွေးနွေးပွဲမှ စကားသံများ

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်
ပြန်ကြားရေး ဝန်ကြီးဌာနက အွန်လိုင်း သတင်းစာကို အင်္ဂလိပ် ဘာသာ၊ မြန်မာ ဘာသာနှင့် ထုတ်ဝေရေး အတွက် စီစဉ် ဆောင်ရွက်လျက် ရှိသည်။


အွန်လိုင်း သတင်းစာ ထုတ်ဝေနှင့် စပ်လျဉ်း၍ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးသို့ တက်ရောက် လာသည့် တာဝန် ရှိသူများအား မြန်မာ့သတင်းစဉ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဦးသောင်းစုငြိမ်း (7 day သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်)
ပြန်ကြားရေး ဝန်ကြီးဌာနက ဒစ်ဂျစ်တယ် သတင်းစာကို ပြောင်းမယ်ဆိုတဲ့ စိတ်ကူးရှိတာ သိရတဲ့အတွက် ကိုယ်တိုင်လည်း နိုင်ငံတကာ အတွေ့အကြုံတွေ ရှိတယ်၊ ပြည်တွင်းမှာ လုပ်နေတဲ့ ဒီဂျစ်တယ် မီဒီယာ အတွေ့အကြုံတွေလည်း ရှိတယ်၊ ဒါတွေနဲ့ ပူးပေါင်းပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ဒီဂျစ်တယ် သတင်းစာကို ပြောင်းလဲတဲ့ အကူးအပြောင်းမှာ ဘယ်လိုမျိုး သင်တန်းတွေ ပေးလို့ရမလဲ၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး ဘယ်လို ပါဝင်လို့ရမလဲဆိုပြီး စဉ်းစား ဖြစ်ပါတယ်။ စဉ်းစားဖြစ်တာနဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆွေးနွေး တိုင်ပင်ဖြစ်တော့ ပြည်ထောင်စု ဝန်ကြီးကလည်း စိတ်ဝင်စားတယ်၊ ဝန်ကြီးအနေနဲ့ သင်တန်းတွေကိုလည်း လာပြီး ကြည့်ချင်တယ်၊ ဆွေးနွေးချင်တယ် ဆိုတာနဲ့ ဒီနေ့ အစည်းအဝေး လုပ်ဖြစ်သွားတာပါ။
အွန်လိုင်း သတင်းစာကို ဘယ်တော့စမလဲ မပြောတတ်သေးပါဘူး။ ဒီဂျစ်တယ် သတင်းစာ၊ အွန်လိုင်း သတင်းစာ အကူးအပြောင်း ဆိုတာက ပြောတာပါ။ အမှန်ကတော့ ရှိနေပါပြီ၊ ဖေ့စ်ဘုတ်တွေ ရှိတယ်။ ဝက်ဘ်ဆိုက်တွေရှိတယ်၊ သတင်းတွေအားလုံး အွန်လိုင်းပေါ် တက်နေပါပြီ။ ဒါကို ပိုပြီးတော့ နောက်ထပ်တစ်ဆင့် တစ်ဆင့် မြှင့်တင်ဖို့ပါ။ အမှန်က အခုလည်း အွန်လိုင်း သတင်းစာ ရှိနေပြီလို့ပြောလို့ ရတယ်။ သင်တန်းတွေ ဖွင့်လှစ်ဖြစ်ခဲ့ရင် MJI ကတော့ သင်တန်းနေရာ၊ သင်တန်း နည်းပြ၊ သင်တန်းပစ္စည်းနဲ့ စီမံဆောင်ရွက်တဲ့ အပိုင်း တာဝန်ယူပေးဖို့ ရှိပါတယ်။ ကျွန်တော်ရယ်၊ နောက် စီအီးအို တစ်ယောက်က နိုင်ငံတကာ အတွေ့အကြုံတွေ ရှိထားပါတယ်။ ပြည်တွင်းမှာ ကိုယ်တိုင်လည်း ဒီဂျစ်တယ် မီဒီယာ လုပ်နေကြတာ ဆိုတော့ ပုံနှိပ်မီဒီယာကနေ ဒစ်ဂျစ်တယ်မီဒီယာ ကူးပြောင်းတဲ့ အတွေ့အကြုံတွေကို ဖလှယ် ပေးမယ်။ လမ်းကြောင်း တွေကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာနက အကြီးတန်း အရာရှိတွေ၊ အငယ်တန်း အရာရှိတွေ စသဖြင့် ဝေငှပေးဖို့ စိတ်ကူး ထားပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာက အရမ်းအရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ခုဖြစ်တယ်။ စီးပွားရေး သတင်းလုပ်ငန်းရဲ့ အခြေခံသတင်းကို ပြည်သူတွေ သိအောင်ဖြန့်ဖို့ မီဒီယာရဲ့ တာဝန်အရ တစ်တိုင်း ပြည်လုံးကို ပုံနှိပ်မီဒီယာက ကျယ်ကျယ် ပြန့်ပြန့် မရောက်နိုင်ဘူး၊ အသံလွှင့်မီဒီယာက ရောက်နိုင်တယ်။ နောက်တစ်ခု အသံလွှင့်မီဒီယာထက် ပိုရောက်တာက အွန်လိုင်း မီဒီယာပေါ့၊ အွန်လိုင်း မီဒီယာ က အသံလွင့်မီဒီယာထက် အားသာချက်တွေရှိတယ်။ လွှင့်လိုက်တဲ့ အချိန်မှာ မသိလိုက် လည်း ကိစ္စမရှိဘူး။ တောက်လျှောက် ဝက်ဘ်ဆိုက်တို့၊ အွန်လိုင်းတို့က သတင်းတွေ တက်နေမှာပါ။ အွန်လိုင်းမီဒီယာက တိုင်းသူ ပြည်သားတွေ အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။ အောင်မြင်အောင် လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
ဦးစိန်ဝင်း (MJI သင်တန်းညွှန်ကြားရေးမှူး)
MJI ရဲ့ ရှေ့အလား အလာ အတွက် နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးနိုင်မယ့် အစီအစဉ်တွေ၊ MJI က နိုင်ငံ အသိအမှတ်ပြု ကျောင်းတစ်ခုဖြစ်လာဖို့၊ ဒီကနေ ဒီပလိုမာဘွဲ့တွေရပြီး အခြား ပြည်တွင်း ပြည်ပကျောင်းတွေကို ဆက်သွားနိုင်ဖို့၊ MOI ရဲ့ ဒီဂျစ်တယ် ပလက်ဖောင်းဖြစ်လာရေး၊ MOI မှာ ဝက်ဘ်ဆိုက်တွေ၊ ဖေ့စ်ဘုတ်တွေ ရှိတယ်။ ဒါတွေကို ပရော်ဖက်ရှင်နယ် ဆန်ဆန်ဖြစ်လာဖို့ အတွက် MJI က ဝိုင်းဝန်း သင်တန်းပေးဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အခါ မှာ MJI တစ်ခုထဲမဟုတ်ဘဲ ပြည်တွင်း ပြည်ပ အခြားအဖွဲ့အစည်းများမှ တတ်ကျွမ်းတဲ့ ပညာရှင်တွေ ပေါင်းစပ်ပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ MJI က မြန်မာမီဒီယာအဖွဲ့ အစည်းတွေ အားလုံး ပေါင်းစပ်ပြီး ထူထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ MJI က လွတ်လပ်တဲ့ သတင်းစာ ပညာကို ပရော်ဖက်ရှင်နယ် ဖြစ်အောင် မွေးထုတ်ပေးနိုင်ရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကိုပါ အင်မတန်မှ အထောက်အကူ ဖြစ်တယ်လို့ ယုံကြည် ပါတယ်။
ဦးဆန်နီဆွေ (Frontier မြန်မာမဂ္ဂဇင်း အမှုဆောင် အရာရှိချုပ်)

ဝန်ကြီးဌာနအနေနဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းကို ထဲထဲဝင်ဝင် သွားချင်တဲ့အပိုင်းမှာ ပုဂ္ဂလိက မီဒီယာအနေနဲ့ တတ်နိုင်သမျှ ပါဝင်ပံ့ပိုးပေးတာပါ။ အဲဒီအတွက် ကျွန်တော်တို့ သင်ကြား လေ့လာခဲ့သမျှ အတွေ့အကြုံတွေနဲ့ MOI ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က သင်တန်းပေးဖို့ သဘောတူခဲ့တာပါ။ ဒစ်ဂျစ်တယ်မီဒီယာက မြန်မာပြည်မှာ အားကောင်းလာတဲ့ အတွက် မရှိမဖြစ် လိုအပ်တာပါ။ ဒီဘက်ခေတ်မှာ ဖေ့စ်ဘုတ်က အလွန်တွင် ကျယ်လာတယ်။ လူတွေက ဖေ့စ်ဘုတ်ပေါ်က သတင်းတွေကို အမှန်လို့ပဲ ထင်ကြတယ်၊ ဒါကို ကျွန်တော်တို့ သတင်းဌာနတွေအနေနဲ့ အချိန်နဲ့တစ်ပြေးညီ မြန်မြန်မှန်မှန် ဖြစ်အောင် ခွဲခြမ်း စိတ်ဖြာပြီး ဘယ်သတင်းက ဘယ်လိုရှိတယ် ဆိုတာကို ဖေ့စ်ဘုတ်ဖတ်သူတွေကို သိစေချင်တယ်။ ဖေ့စ်ဘုတ်က လူတစ်ဦးရဲ့ ထင်မြင်ချက်ဖြစ်တယ်။ ပြန်ကြားရေး ဝန်ကြီးဌာနအပါအဝင် သတင်းဌာန တိုင်း မည်သည့်သတင်းဌာနမဆို အချိန်နဲ့တစ်ပြေးညီ စာဖတ်သူတွေကို ဒစ်ဂျစ်တယ် မာတီမီဒီယာ ပလက်ဖောင်းပေါ်ကို တင်ပေးနိုင်ရမယ်၊ အဲဒါဘယ်လိုမှ ရှောင်လွဲမရတဲ့ ဒစ်ဂျစ်တယ်ဆူနာမီပေါ့။ ကျွန်တော်တို့နိုင်ငံကို လာပြီး ထိနေပြီ၊ အဲဒီအတွက် အများကြီး ပြင်ထားရပါမယ်။

No comments:

Post a Comment