Saturday, September 17, 2016

ကောကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရာတွင် တပ်မတော်အနေဖြင့် NCA စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကောင်းမူကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ကလိုထူးဘောကရင်အစည်းအရုံး (KKO) အဖွဲ့မှ ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်သော KKO (ခွဲထွက်) အဖွဲ့သည် မြဝတီ- သင်္ဃန်းညီနောင်-ကော့ကရိတ် ကားလမ်းတွင် တရားမဝင် အကောက်စခန်းများဖွင့်လှစ်၍ ခရီးသွားပြည်သူလူထုထံမှ ငွေကြေးအဓမ္မကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်အစိုးရနှင့် တပ်မတော်က အကြိမ်ကြိမ်သတိပေး အကြောင်းကြား ခဲ့သော်လည်း
လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့်အပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့၏ ခရီးစဉ်ယာဉ်တန်းများကို တားဆီး နှောင့်ယှက်ခြင်း၊ လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသည့်အတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း တပ်မတော်စစ်ကြောင်းများက အဆိုပါ အဖွဲ့ကို ယင်းနယ်မြေမှ အပြီးအပိုင် တိုက်ခိုက်ရှင်းလင်း ဖယ်ရှားခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းခဲ့ပြီး ခရီးသွား ပြည်သူလူထုနှင့် နယ်မြေခံပြည်သူလူထုတို့ စိတ်ချမ်းမြေ့စွာ သွားလာနေထိုင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
အဆိုပါ အဖွဲ့မှ နားမကြားခေါင်းဆောင်သော အင်အားစုတစ်ချို့သည် ယခုနှစ်ဆန်း ပိုင်းအတွင်း ကော့ကရိတ်မြို့နယ်၊ ကောင်းမူကျေးရွာတစ်ဝိုက်သို့ ပြန်လည်စိမ့်ဝင်လာသည့် သတင်းများ ရရှိခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် သြဂုတ် ၂၁ ရက်က ဘားအံမှ မြဝတီသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော်ယာဉ်တန်းကို ကျုံဒိုးနှင့် ကော့ကရိတ်အကြား ကြာအင်းဆိပ်ကြီး လမ်းခွဲအနီး၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဘားအံမြို့ စက်မှုဇုန်ရှိ မဟာဘားအံအထည်ချုပ်စက်ရုံ အနီးတွင်လည်း မိုင်းထောင်ဖောက်ခွဲခဲ့သည်။
သြဂုတ် ၂၉ ရက်တွင် ကောင်းမူကျေးရွာအရှေ့ဘက် ၄ မိုင်ခန့်အကွာတွင် ဆင်ကျောင်းနေသော ဒေသခံ ၅ ဦးနှင့် ဆင် ၂ ကောင်ကို နားမကြားဦးစီးအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် လိုက်လံရှင်းလင်းသော နယ်မြေခံ နယ်ခြားစောင့်တပ်နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများနှင့် ဆင် ၂ ကောင်ကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်စဉ်တွင်  နားမကြား သေဆုံးခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ KKO(ခွဲထွက်)အဖွဲ့က နိုင်ငံတော်နှင့် တပ်မတော်အပေါ် အတိအလင်း စစ်ကြေငြာ သည့် သဘောသက်ရောက်သည့်  ထုတ်ပြန် ကြေညာချက်(၃/၂၀၁၆)ကို ထုတ်ပြန်ခဲ့သကဲ့သို့ စက်တင်ဘာ ၃ ရက်တွင် မြိုင်ကြီးငူ- မဲသဝေါကားလမ်း ရင်းပိုင်တံတား လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ရင်းပိုင်-မဲဆိပ်နယ်မြေရှိ နယ်ခြားစောင့်တပ်စခန်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊   စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၈ ရက်အထိ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ မီးသတ်ဦးစီးဌာနတွင် မိုင်းထောင်ဖောက်ခွဲ ခြင်းများ ဆက်လက်ဆောင်ရွက်လာခဲ့သဖြင့် စက်တင်ဘာ ၁၁ ရက်တွင် ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါ နယ်မြေသို့ အကန့်အသတ်ရည်မှန်းချက် သတ်မှတ်ပေးကာ တပ်သွင်းရှင်းလင်းခဲ့ရာ   စက်တင်ဘာ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။
တပ်မတော်အနေဖြင့် နယ်မြေအကန့်အသတ်ဖြင့် ရှင်းလင်းခြင်းအပေါ် အချို့သော အဖွဲ့အစည်းများမှ မြေပြင် ဖြစ်စဉ် ဖြစ်ရပ်များကို မျက်ကွယ်ပြုလျက် NCA နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကိုသော်လည်းကောင်း၊ ဒေသခံပြည်သူများ၏ ငြိမ်းချမ်းရေး ဆိုင်ရာနားလည်မှုနှင့် ယုံကြည်မှုပျက်ပြားမှုကို စိုးရိမ်သည့်အနေဖြင့်သော်လည်းကောင်း သဘောထား အသီးသီး ထုတ်ပြန်နေကြကြောင်း တွေ့ရှိရပါသည်။ တပ်မတော်အနေဖြင့် NCA စာချုပ်ပါ အချက်အလက် များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင် ယခု နယ်မြေအကန့်အသတ်နှင့် ရှင်းလင်းသည့်နေရာမှာလည်း KKO (ခွဲထွက်)အဖွဲ့များ အခြေပြုလှုပ်ရှားလျက်ရှိသည့် မြိုင်ကြီးငူမှ မဲသဝေါအထိ ကားလမ်းတစ်လျှောက်သာ ဖြစ်သည့်အပြင် တိုက်ပွဲနယ်မြေအတွင်းမှ ခေတ္တတိမ်းရှောင်လာသည့် ပြည်သူ ၃၈၇၄ ဦးတို့အား မြိုင်ကြီးငူဒေသတွင် ခေတ္တနေရာချလျက် ဆေးဝါးကုသပေးခြင်း၊ ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment