Saturday, September 17, 2016

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ မိတ္ထီလာ မြို့နယ်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်



နေပြည်တော်၊ စက်တင်ဘာ - ၁၇
မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်အတွင်း ရောက်ရှိနေသော တပ်မတော်  နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ရေဝေကျေးရွာ၊ ပေပင်ကုန်း ကျေးရွာ၊  သီးပင်ကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ရောဂါ၊ သွားဖွား မီးယပ်ရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွား ရောဂါ၊ ကလေးရောဂါနှင့် အခြားရောဂါ ဝေဒနာရှင် ၁၉၁၉ ဦးအား လိုအပ်သည့် စစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် မျက်စိခွဲစိတ်လူနာ ၁ ဦးနှင့် သွားရောဂါလူနာ ၄၂ ဦးတို့ အား ရွေ့လျားခွဲစိတ် ကုသယာဉ်များဖြင့် ခွဲစိတ် ကုသပေးခြင်း၊ ဓာတ်မှန်ရိုက်သူ ၃၀ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်သူ ၂၉ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်သူ ၆၂ ဦးတို့အား  ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ဓာတ်ခွဲယာဉ်တို့ဖြင့် ရောဂါ ရှာဖွေခြင်းများ ပြုလုပ်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာ ၁ ဦးကိုလည်း မိတ္ထီလာမြို့ရှိ တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသပေးခြင်းများ စီစဉ် ဆောင်ရွက် ပေးသည်။ 
၎င်းအပြင် ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ၊ ကျောင်းကျန်းမာရေး စစ်ဆေး ပေးခြင်းများနှင့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများမှ သောက်သုံး ရေကန်များအား ရေသန့်ဆေးများ ခတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက် ပေးနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် တာဝန် ရှိသူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment