Friday, September 16, 2016

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရင်းအင်းဆိုင်ရာ အချက် အလက်များအား အခြေခံတည်ဆောက်ထား သည့် Actuarial Model နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ILO မှ ကျွမ်းကျင်ပညာရှင်များက လူမှုဖူလုံရေးအဖွဲ့မှ သင်တန်းသားများကို ဆွေးနွေးပို့ချခဲ့သော Actuarial Model ၏ scenario ဖြစ်နိုင်ချေကိစ္စ(၄)ခုဖြစ်သည့် မိသားစုထောက်ပံ့မှု အာမခံစနစ် ကျင့်သုံးရာတွင် ဖြစ်လာ နိုင်သည့် ဘဏ္ဍာရေးခန့်မှန်းချေ၊ မှီခိုသူများသို့ ကျန်းမာရေး စောင့်ရှောက်မှုတိုးချဲ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား လူမှုဖူလုံရေး အာမခံ စနစ်များတွင် အကျုံးဝင်စေခြင်း၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်များပေးအပ်မည့် ပုံစံတို့နှင့် ပတ်သက်၍ ရလဒ်များကို လေ့လာသုံးသပ်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာကြသည့် နည်းပညာ အကူအညီ ပေးခဲ့ကြသော ILO မှ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များအား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်း ရည်ရွယ်ချက်များအောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပြီး မြန်မာနိုင်ငံ အလုပ်သမားကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ILO ကိုယ်စားလှယ်အဖွဲ့မှ Actuarial Valuation ဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ် များက အပြန်အလှန်မေးမြန်းဖြေကြားခြင်းများ ပြုလုပ်သည်။

ယင်းနောက် လူမှုဖူလုံရေးအဖွဲ့ သုတေသနနှင့် စီမံကိန်းဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက ILO မှ Actuarial Model သင်တန်း လာရောက်ပို့ချခဲ့သည့်အတွက် လူမှုဖူလုံရေးအဖွဲ့၏ ဘဏ္ဍာရေးရေရှည်တည်တံ့နိုင်မှု ရှိ/မရှိ ၊ အာမခံစနစ်များ တိုးချဲ့ သင့်/မသင့်၊ အကျိုးခံစားခွင့်ပုံစံများပြင်ဆင်ရန် သင့်/မသင့် စသည်တို့အပေါ် အထောက်အကူပေးနိုင်ပြီး Actuarial Model ၏ scenario ဖြစ်နိုင်ချေ ကိစ္စပုံစံ (၄) ခုနှင့်ပတ်သက်ပြီး ရလာဒ်ကောင်းများ ရခဲ့သည့်အတွက် လူမှုဖူလုံရေး စီမံကိန်းရည်ရွယ်ချက်များ ပိုမိုအောင်မြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

No comments:

Post a Comment