Sunday, September 18, 2016

ဆေးရုံသုံး ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းများ (Emergency Tool Kit) အစုံ ၈၄၀စုံ လှူဒါန်းပွဲ အခမ်အနား ကျင်းပ


ရန်ကုန် စက်တင်ဘာ ၁၈

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်‌ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သို့ Japan Medical Three Co,Ltd နှင့် Diplomatic Skill Trainees Organization မှ လှူဒါန်းသည့် ဆေးရုံသုံးကူးစက် ရောဂါ ကာကွယ်ရေး ပစ္စည်းများ (Emergency Tool Kit) လှူဒါန်းပွဲ အခမ်းအနားအား ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးတွင် ယနေ့၊ နံနက် (၉း၀၀) နာရီတွင် လှူဒါန်းသည်။


အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံမှာ၏ လူမှုဖူလုံရေး စီမံကိန်းကို ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ ၁၉၅၆ ခုနှစ်က စတင်ကျင့်သုံး အကောင်အထည်ဖော်ခဲ့ပြီး လူမှုဖူလုံရေး ဥပဒေသစ် ကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ စတင် ကျင့်သုံးခဲ့ပါကြောင်း၊ သို့သော် ဥပဒေ၌ ပြဌာန်းထားသကဲ့သို့ အာမခံစနစ် (၆) မျိုး အနက် လက်ရှိအနေဖြင့် အာမခံ စနစ်သုံးမျိုးကိုသာ ဆောင်ရွက်လျက်ရှိပါကြောင်း။ လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အာမခံ စနစ် (၃) မျိုးမှာ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ မိသားစုထောက်ပံ့မှု အာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့ဖြစ်ပြီး အကောင်အထည် မဖော်ရသေးသည့် အာမခံစနစ် (၃)မျိုးအားလည်း ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဆောင်ရွက်ရာတွင် ထည့်ဝင်ကြေး မြင့်မားလာသည်နှင့်အမျှ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် ထိုက်တန်သော ဝန်ဆောင်မှုကို ပြန်လည်ပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိရာ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီးများ၊ ဆေးခန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို စာချုပ်စနစ်ဖြင့် ငှားရမ်း၍ အာမခံ အလုပ်သမားများအား ဆေးကုသခြင်း၊ စာချုပ်ဆေးဆိုင်စနစ် အကောင် အထည်ဖော်ခြင်းနှင့် ဆရာဝန်များ လွတ်လပ်စွာ ခန့်ထားခြင်း စသည်ဖြင့် အသွင်ကူးပြောင်းသည့် လုပ်ငန်းစဉ် များကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်း ဆောင်လျှက်ရှိသော ဆရာဝန်၊ သူနာပြုများကိုလည်း On Job Training အပြင် နိုင်ငံခြားသို့ အလှည့်ကျ ပညာတော်သင် စေလွှတ်ရေး အတွက်ကိုလည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ သို့မှသာ ယနေ့ခေတ် ဆေးပညာ သတင်းဆန်း များ၏ ကုထုံးအမျိုးမျိုးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

ထိုသို့ ဆေးကုသမှု ဝန်ဆောင်မှုများ အဆင့်မြှင့်ရာတွင် လူမှုဖူလုံရေး အဖွဲ့သာမက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပမှ အလှူရှင်များမှလည်း ကူညီ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံ Medical Three Co, Ltd နှင့် Diplomatic Skill Trainees Organization တို့ပူးပေါင်း၍ ယခုလို ကူးစက်ရောဂါ ကာကွယ်ပစ္စည်းများကို လာရောက် လှူဒါန်းသည့်အတွက် လူမှုဖူလုံရေး စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် အာမခံအလုပ်သမားများ ကျန်းမာရေး ဝန်ဆောင်မှုပေးရာတွင် တထောင့်တနေရာမှ အထောက်အပံ့ အများကြီး ပေးနိုင်မည်ဖြစ်၍ လူမှု ဖူလုံရေးအဖွဲ့သို့ လာရောက် လှူဒါန်းသော အလှူရှင်များကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။

ထို့နောက် Diplomatic Skill Trainees Organization ဥက္ကဋ္ဌ ဦးရဲထွန်းမှ လှူဒါန်းရခြင်းနှင့် ပါတ်သက်ပြီး ရှင်းလင်း ပြေားကြားခဲ့ပြီး လူမှုဖူလုံရေး အဖွဲ့သို့ လှူဒါန်းသော ဆေးရုံသုံး ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းများ (Emergency Tool Kit) အစုံ ၈၄၀စုံအား ပေးအပ်ရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ လက်ခံခဲ့ပြီး လူမှုဖူလုံရေး အဖွဲ့မှလည်း လက်ခံရရှိသည့် လှူဒါန်းပစ္စည်းများ အနက်မှ အစုံ (၄၀၀) အား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပြန်လည်လွဲပြောင်း လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကိုယ်စား အမြဲတန်းအတွင်းဝန် ဦးမျိုးအောင် နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်တို့မှလည်း ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အလုပ်သမား ဆေးရုံကြီးအတွင်း လှည့်လည် ကြည့်ရှု၍ ဆေးကုသမှု ခံယူနေကြသော အာမခံ အလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

No comments:

Post a Comment