Friday, September 16, 2016

ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ် မှတ်တမ်း သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ထံမှပေးပို့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးများအဖြစ် ဒေါက်တာထွန်းနိုင်နှင့် ဦးဝင်းမော်ထွန်းတို့အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ထံမှပေးပို့သည့် International Convention on Oil Pollution Preparedness, Response and Cooperation (OPRC 1990 Convention) တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေး နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အဆိုပါ ကွန်ဗင်းရှင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ကာကွယ်တားဆီးခြင်းဆိုင်ရာ အရေးပါသော ကွန်ဗင်းရှင်း တစ်ခုဖြစ်ပါကြောင်း၊ ၎င်းကွန်ဗင်းရှင်းသည် သင်္ဘောများ၊ ပင်လယ်ဆိပ်ကမ်းများ၊ ကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော အဆောက်အအုံများနှင့် ဆီများတင်ပို့ သယ်ယူလုပ်ဆောင်သော အဆောက်အအုံများမှ ဆီ(ရေနံ)ယိုဖိတ်မှု ဖြစ်ပွားခဲ့လျှင် ချက်ချင်းတုံ့ပြန် ပူးပေါင်းဆောင်ရွက် အရေးယူနိုင်စွမ်းရှိစေရေး အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းထား ခြင်း ဖြစ်ပါကြောင်း။
 အဆိုပါကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိပါက ပင်လယ်ပြင်တွင် သင်္ဘောများ တိုက်ခိုက်မှုဖြစ်ခြင်း၊ သောင်တင်ခြင်း၊ ဆိုးရွားသော ရာသီဥတုကြောင့် ပျက်စီး ခြင်း ဖြစ်စဉ်များမှ ညစ်ညမ်းမှု ဖြစ်ပေါ်သည့်အခါ အချိန်မီ တုံ့ပြန်ခြင်းကို ထိရောက်စွာ မဆောင်ရွက်နိုင်ပါက အချိန်ကြာမြင့် လာသည်နှင့်အမျှ ဆီ(ရေနံ)များ ပိုမိုပျံ့နှံ့နိုင်ပြီး ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တစ်လျှောက်ရှိ offshore, marine resources များကို ထိခိုက်ပျက်စီးမှု ပိုမိုများပြား စေနိုင်ခြင်းနှင့် ဆီ(ရေနံ) ပျံ့နှံ့မှုပမာဏကို ထိန်းချုပ်နိုင်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တိုးတက်ဖြစ်ထွန်း လာသော စီးပွားရေး အခွင့် အလမ်းများကြောင့် မြန်မာ့ဆိပ်ကမ်းများသို့ နိုင်ငံခြားကုန်တင်နှင့် ဆီ(ရေနံ)တင် သင်္ဘော များ ၀င်ထွက်မှု တိုးတက်များပြား လာမှုနှင့်အတူ ဆီ(ရေနံ)ယိုဖိတ်မှု အန္တရာယ်မှာလည်း မြင့်မားလာသောကြောင့် ယခုကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခြင်းဖြင့် ဆီညစ်ညမ်းမှု ကာကွယ်ရေးနှင့် အရေးယူဆောင်ရွက်မှုများကို ပိုမိုပြည့်စုံ စေမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းရေးကိစ္စ နှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော် ထွန်းက ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) အခန်း(၄)၊ ပုဒ်မ(၅)(က) အရ ပြည်ထောင်စု အစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းပေးရန် ဖြစ်ပါကြောင်း၊ ပါဝင်ဖွဲ့စည်းမည့် ပုဂ္ဂိုလ်(၂၁) ဦးကိုလည်း အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး ဖြစ်ပါကြောင်း၊
ကော်မရှင်အနေဖြင့် အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်း၊ အမျိုးသား ပညာရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သော အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသား ပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီ၊ အမျိုးသား ပညာရေး ဥပဒေပါ ပုဒ်မ ၂၇ အရ ဖွဲ့စည်းသော ကော်မတီ၊ အခြားလိုအပ်သော ကော်မတီ၊ ကောင်စီနှင့် အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ပညာရေးစနစ်နှင့် ပညာရေးဆိုင်ရာ မူဝါဒများ၊ ပညာရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် အကဲဖြတ် သုံးသပ်ခြင်းနှင့် အကြံပြုခြင်း၊ အရည်အသွေး အာမခံမှု စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရန် မူဝါဒများ ချမှတ်ခြင်းနှင့် လမ်းညွှန်ခြင်း၊ ပညာရေးကဏ္ဍအတွက် အစိုးရအဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များထံမှ ငွေကြေးနှင့် အထောက်အပံ့များရရှိရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပညာရေးကဏ္ဍအတွက် ပြည်တွင်းပြည်ပမှ ငွေကြေးနှင့် အထောက်အပံ့များ ရယူသုံးစွဲနိုင်ရန်အလို့ငှာ မူဝါဒများ ချမှတ်ခြင်း၊ ကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင်လှစ်ခွင့် ရပ်ဆိုင်းခြင်းနှင့် ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြုစုတင်ပြ သော ပညာရေးဆိုင်ရာ စီမံကိန်းများ နှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ကော်မရှင်သည် မိမိ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရအဖွဲ့သို့ အနည်းဆုံး ခြောက်လတစ်ကြိမ် အစီရင်ခံတင်ပြခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
နိုင်ငံတော်သမ္မတ ထံမှပေးပို့သည် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့မှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး တို့က ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနတွင် စီမံကိန်း (ပရောဂျက်) ၇၀ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို အသုံးပြုထား ပါကြောင်း၊ အဆိုပါစီမံကိန်းများ နှင့်စပ်လျဉ်း၍ မည်သူက တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေသည်ကို ပွင့်လင်းမြင်သာစွာ ဖြင့် တင်ပြထားခြင်း မရှိပါကြောင်း၊ ယခုချေးငွေများ နှင့်စပ်လျဉ်းပြီး မည်သို့လုပ်ဆောင်နေသည်ကို လွတ်လပ်သည့် စောင့်ကြည့်ရေးအဖွဲ့  ဖွဲ့စည်း၍ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင် က     မြန်မာနိုင်ငံရှိ ဆည် ၅၀ ရာခိုင်နှုန်းသည်  ရေမရှိခြင်း၊ ရေပေးမြောင်း လက်တံများ မဖောက်ခြင်း၊ ဖောက်လုပ်ပြီး ရေပေးမြောင်းများကို မထိန်းသိမ်းနိုင်ခြင်း၊ ရေပေးဝေရေးစီမံခန့်ခွဲ မှုအပိုင်းတွင် အားနည်းခြင်းတို့ကြောင့် ထိရောက်စွာ အသုံးမပြုနိုင်သည်ကို သိရှိရပါကြောင်း၊ ယခု ချေးငွေဖြင့် အဆိုပါကိစ္စ များတွင် အများဆုံး အသုံးပြုမည်ဟု သိရှိရသည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း က        ချေးငွေများရယူ၍ ရှိပြီးသား ဆည်မြောင်းအခြေခံများ အပေါ်မူတည်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်မည်ဖြစ်သည့်အတွက် စပါး၊ ဆီထွက် သီးနှံနှင့် ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များကို ပိုမို စိုက်ပျိုးလာနိုင် မည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် ဗိဿနိုးရန်ပယ် လွင်ပြင်ရှိ စပါး၊ မြေပဲနှင့် နှမ်း အဓိက သီးနှံများစိုက်ပျိုးရန် ရေလိုအပ်သည့် အချိန်တွင် ထိရောက်စွာ ရေပေးဝေနိုင်မည် ဖြစ်သည့်အတွက် ၀မ်းမြောက်ပါကြောင်း၊ ထို့ပြင် ၂၀၁၆ - ၂၀၂၁ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း၏ အဓိက နယ်ပယ်ဖြစ်သည် နည်းပညာ နှင့် သက်မွေးပညာ လေ့ကျင့်ရေးတို့ကို အထောက်အကူပြုမည့် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅ သန်း ချေးယူခြင်းသည် သင့်လျော်သော အစီအစဉ် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် က ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပျော်ဘွယ်မြို့နယ် ချောင်းမကြီး ဆည်ရေသောက်နှင့် နတ်မောက်မြို့နယ် နတ်မောက် ဆည်ရေသောက်တို့ကို ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဆီထွက်သီးနှံ မျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ခြင်း၊ စိုက်ပျိုးရေရရှိမှု သိသာစွာတိုးတက်ခြင်း၊ ဆည်ရေသောက်ဧရိယာများ ပိုမိုတိုးတက်ခြင်းနှင့် ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရန် လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာများကို နိုင်ငံခြားအကူအညီ အထောက်အပံ့ ချေးငွေများရယူပြီး အကျိုးရှိရှိ အသုံးချကြရ မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

No comments:

Post a Comment