Friday, September 16, 2016

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၆
စက်မှုဝန်ကြီးဌာန၏ လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၊ နေပြည်တော်တွင် စက်တင်ဘာ ၁၄ မှ ၁၅ ရက်အထိ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဈေးကွက်ကိုအခြေခံ၍ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု၊ လေ့ကျင့်သင်ကြားမှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုစသည့် လုပ်ငန်းနယ်ပယ်တိုင်းတွင် ဈေးကွက်မှ တောင်းဆိုမှုရှိသော လုပ်ငန်းများကိုဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ အမှတ်စဉ်(၂) တွင်“နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ချေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်”ဟုအတိအလင်း ဖော်ပြ ထားပါကြောင်း၊ ရက်(၁၀၀)စီမံချက်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုများ၏ အောင်မြင်မှု/ကျရှုံးမှုများကို ပြန်လည်သုံးသပ်ရန်ဖြစ်ပြီး နောက်(၆)လအတွင်း ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် သိသာထင်ရှားသော အောင်မြင်မှုများရရှိရန် လုပ်ငန်းအစီအမံများချမှတ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပိုမိုမြှင့်တင် နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်ရုံများကို စီးပွားရေးအကျိုးအမြတ် ရရှိအောင်ဆောင်ရွက်ခြင်း (Commerciali zation)၊ ကော်ပိုရေးရှင်း ပုံစံပြောင်းလဲဖွဲ့စည်းခြင်း (Corporatization)၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatization)တို့ကို တစ်ဆင့်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင် နိုင်ငံပိုင်စက်ရုံ (၄၄) ရုံကျန်ရှိသေးပါကြောင်း၊ နိုင်ငံပိုင်စက်ရုံများအား ပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်အားလုံးကို ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန တိုးတက်အောင်မြင်ရေးအတွက် ကြုံတွေ့နေရ သော အခက်အခဲပြဿနာများကို မခြွင်းမချန် ပွင့်ပွင့်လင်းလင်းဖြင့် အပြုသဘောဆောင်ပြီး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိစက်ရုံ/အလုပ်ရုံများမှ စက်ရုံမှူးများက လက်ရှိလုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ နောင်(၆)လနှင့် (၁)နှစ်အတွင်း ဆက်လက်ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းအစီအမံ များ ကိုလည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးများက လုပ်ငန်းတစ်ခုချင်းစီအလိုက် စီပွားရေးအရ အရှုံးအမြတ် အခြေအနေ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့် သည့်အခြေအနေ အရပ်ရပ်တို့ကို သုံးသပ် တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ရေး အစီအစဉ်အရ စက်မှုထုတ်ကုန်ပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စက်မှု သင်တန်းကျောင်းများမှ ကျွမ်းကျင်လုပ်သားများမွေး ထုတ်ပေးလျက်ရှိသည့် အခြေအနေနှင့် တိုးချဲ့ဖွင့်လှစ်မည့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြပါသည်။
ထို့နောက်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပုဂ္ဂလိကစက်မှု လုပ်ငန်းများအား ကြီးကြပ်စစ်ဆေးနေမှု အခြေအနေများ၊ နိုင်ငံတစ်ဝှမ်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အားနည်းပညာ အကူအညီရရှိရေး၊ ဘဏ္ဍာငွေကြေး အထောက်အပံ့ပေးနိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ချေးငွေအလွယ်တကူ ရရှိရေးအတွက် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ ချေးငွေအာမခံလက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေမှုနှင့် ပုဂ္ဂလိကစက်မှု လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းနှင့် ဦးစီးဌာနများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး မှာကြားသည်။

No comments:

Post a Comment