Wednesday, September 7, 2016

စက်မှုလယ်ယာ စနစ်သို့ မဖြစ်မနေ ကူးပြောင်းရန်တွန်းအားပေးဆောင်ရွက်လျက်ရှိ


နေပြည်တော် စက်တင်ဘာ ၇
လယ်ယာလုပ်သား ရှားပါးလာမှုကို ကျော်လွှားနိုင်ရေး၊ ဖောက်ပြန်ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ အချိန်မီ အချိန်ကိုက် စိုက်ပျိုး ရိတ်သိမ်းနိုင်ရေး စသည့် အခြေအနေအရပ်ရပ်တို့က စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေကူးပြောင်းရန် တွန်းအားပေး လျက်ရှိနေပြီး လယ်ယာကဏ္ဍတစ်ခုလုံးအတွက် လိုအပ်သော စက်ယန္တယားများကို အစိုးရ တစ်ခုတည်းက ပြည့်စုံအောင်စီမံပေးရန် အကန့်အသတ်များစွာရှိနေရာ   ပုဂ္ဂလိက အပိုင်းမှ စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ပီပီပြင်ပြင်ပေါ်ပေါက်လာရေးအတွက် အားပေးကူညီ ကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က စက်တင်ဘာ (၆)ရက်  ညနေ (၃)နာရီတွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ၊ ခပေါင်းဆည်ရေသောက် တောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစဉ် ပြောကြားသည်။

ထို့နောက် စံချိန်လင်း စက်မှု လယ်ယာ ဝန်ဆောင်မှုစခန်းသို့ ရောက်ရှိပြီး လယ်ယာလုပ်ငန်း ခွင်တွင် ဈေးနှုန်းချိုသာစွာဝန်ဆောင်မှုပေးရန် အသင့်ရောက်ရှိနေသော မြေပြင်စက်ယန္တယား ကြီးများ ၊ ထွန် ထယ် စက်ကြီးများ၊ ရိတ်သိမ်း ချွေလှေ့စက်ကြီးများအား ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တောင်သူများအနေဖြင့် ကိုယ်ပိုင်လယ်ယာသုံး စက်ကိရိယာများ သုံးစွဲလိုပါကလည်း ဈေးနှုန်း ချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မိသားစု ဝင်များအနေဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိသော လယ်ယာသုံး စက်ကိရိယာ ထိန်းသိမ်း ပြုပြင် မောင်းနှင် အသုံးပြုနည်း သင်တန်းသို့ တက်ရောက် သင်ယူနိုင်ရေးတို့အတွက် ကူညီပေးမည်ဖြစ်ပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ကေတုမတီ တောင်သူအကျိုးပြုစိုက်ပျိုး မွေးမြူရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသို့ ရောက်ရှိကြပြီး အသင်းမှ SRI စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခ စပါးစိုက်ခင်း နှင့် တစ်နေ့ တန်(၆၀)ကျ အဆင့်မြင့် ဆန်စက်တို့အား ကြည့်ရှု အားပေးသည်။
ရှင်းလင်းဆောင်တွင် အသင်း၏ ဒုတိယ ဥက္ကဌ ဦးအေးလွင် က အသင်း၏ ဆောင်ရွက် နေမှုများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှ နိုင်ငံများတွင် စိုက်ပျိုးမြေ အများဆုံး ဖြစ်သော် လည်း ထုတ်လုပ်မှု ပမာဏနှင့် အရည်အသွေး နိမ့်ကျနေဆဲဖြစ်ရာ မျိုးကောင်း မျိုးသန့် မျိုးစေ့များပြောင်းလဲစိုက်ပျိုးရေး၊ အဆင့်မြင့်စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ် ပြောင်းလဲကျင့်သုံး ရေး ၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု လျော့ချနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ယခုကဲ့သို့ စုပေါင်းဆောင်ရွက်ကြသော တောင်သူအကျိုးပြု စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများ များစွာပေါ်ပေါက်လာကြရန် ဝိုင်းဝန်းကူညီအားပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။ 

No comments:

Post a Comment