Wednesday, September 7, 2016

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၈) ရက်မြောက်နေ့ ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၇
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး(၂၈)ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ မိုင်းပန်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၏ ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်နေမှုကို ဌာနေတိုင်းရင်းသား ပြည်သူလူထုများ ပွင့်ပွင့်လင်းလင်းသိရှိနိုင်ရန် ရှင်းပြစေလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမောင်က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီးက ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်ရန် အစီအစဉ် များ ပေါ်ပေါက်လာပြီး ဘဏ္ဍာငွေရရှိပါက ဌာနေတိုင်းရင်းသား ပြည်သူလူထုအား ပွင့်ပွင့် လင်းလင်းသိရှိနိုင်ရန် ရှင်းလင်းပြမည်ဖြစ်ပြီး ယခုအခါတွင် ယင်းကိစ္စနှင့်ပတ်သက်၍ တိကျသော ဆုံးဖြတ်ချက်မရှိသေးပါသဖြင့် ဒေသခံပြည်သူများကို ရှင်းပြရန် အချိန်စော နေပါကြောင်း။
ဟော်နန်းအဆောက်အဦကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်ထားပြီး ဟော်နန်း၏ မြေဧရိယာအ၀န်းအ၀ိုင်းကို ယဉ်ကျေးမှုဝန်ကြီး ဌာနမှ စီမံခန့်ခွဲမြေအဖြစ် မြေစာရင်းဌာနတွင် မှတ်ပုံတင်ထားသည်ကို သိရှိရပါကြောင်း၊ ညောင်ရွှေဟော်နန်းကြီး ပြုပြင်မွမ်းမံခြင်းအတွက် အကုန်ကျခံမည့်လူပုဂ္ဂိုလ် (သို့)အဖွဲ့ အစည်းများအား ရှာဖွေဆဲဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ ဘဏ္ဍာရန်ပုံ ငွေခွင့်ပြုပေးမည် ဆိုပါက ပိုမိုကောင်းမွန်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တွံတေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏ မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် (Least Development Country-LDC) အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ သဖြင့် မည်သည့်အချက်အလက်များနှင့် ပြည့်စုံလျှင်  (LDC) အဖြစ် သတ်မှတ်ခံယူခွင့် ရှိကြောင်း ၊ ယင်းသို့ သတ်မှတ်ခံရခြင်းကြောင့် မည်သည့်အခွင့်အရေးများ ရရှိကြောင်း၊ မြန်မာနိုင်ငံ (LDC) ဘ၀မှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်အစိုးရက မည်သို့ မည်ပုံ စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက မိမိတို့နိုင်ငံသည် ၁၉၈၇ ခုနှစ်ကတည်းက နှစ်ပေါင်း ၃၀ ခန့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သော် လည်း ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့် အခွင့်အရေးများ အပြည့်အ၀ရရှိခဲ့ခြင်း မရှိပါ ကြောင်း၊ LDC မှ လွတ်မြောက်ရေးကို တစ်ဖက်မှ လုပ်ဆောင်နေသကဲ့သို့  တစ်ဖက် တွင် စီးပွားရေးပိတ်ဆို့မှုကြောင့် ခံစားခွင့်မရခဲ့သည့် LDC ခံစားခွင့်များကို အပြည့်အ၀ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ အစ္စတန်ဘူလ် လုပ်ငန်းအစီအစဉ်မှ ရယူနိုင်သည့် နည်းပညာနှင့်ဖွံ့ဖြိုးမှု အကူအညီများ ကို ရယူသွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု မူဝါဒကော်မတီ၏ သုံးနှစ်တစ်ကြိမ်သုံးသပ်မှုတွင် ပထမအကြိမ်အဖြစ် စံနှုန်း (၂) ခုနှင့် ကိုက်ညီရေးကို ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ညှိနှိုင်းချက်ဖြင့် မြန်မာနိုင်ငံ LDC မှ လွတ်မြောက်ရေးအတွက် မူဝါဒများ ချမှတ်ရေးနှင့် လိုအပ်သည့် နည်းပညာ အချက်အလက်များ အကူအညီပေးရန် ရန်ကုန်မြို့အခြေစိုက် UNDP အစီအစဉ်ဖြင့် ကျွမ်းကျင်သူများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကာလတို တွဲဖက်ထားရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးသည် ဦးတည်ချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်ထက် မိမိနိုင်ငံ ဖွံ့ဖြိုးမှုသည် ပြည်တွင်းပြုပြင် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်သာဖြစ် သည့်အတွက် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအား ကြိုးပမ်းနေသည့် အချိန်အတွင်း ရရှိသင့် ရရှိထိုက်သည့် အခွင့်အရေးများ ၊ ဥပမာ ကုန်သွယ်ရေးအကူ အညီ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် Most favorable EBA  နှင့် Generalized Special Preferences (GSP) တို့ကို အရယူနိုင်ရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဘက်များထံမှ နည်းပညာအကူအညီနှင့် ဘဏ္ဍာရေးအကူအညီများ ရယူရာ တွင် နိုင်ငံစုံအဖွဲ့အစည်းများသာမက နိုင်ငံအချင်းချင်း အစီအစဉ်များနှင့် ဖွံ့ဖြိုးမှုနိမ့်ကျ သည့် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုမြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် မရှိမဖြစ်လိုအပ်သော အခွန်အကောက်များ ရရှိရေး ၊ အခွန်ထမ်း ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ နေထိုင်နိုင်ရေး၊ ဥပဒေအရ ခွင့်ပြုထားသော ရပိုင်ခွင့်၊ စုဆောင်းခွင့် ငွေဖြူပမာဏကို ထမ်းဆောင်လိုက်သည့် အခွန်ငွေပမာဏနှင့် အညီ တရားဝင်စုဆောင်းခွင့်ရပြီး ငွေမည်မျှ ရှိသည်ဆိုခြင်းကို သိရှိနိုင်သော အခွန်ထမ်း တစ်ဦးချင်းအတွက် သတ်မှတ်ဖော်ပြထားသည့် အခွန်စနစ်အဖြစ် ပြုပြင်ဆောင်ရွက်ပေး မည့်အစီအမံများ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခွန်ထမ်းပြည်သူများ အနေဖြင့် မိမိတို့၏ စည်းကြပ်နှစ်အလိုက် တောင်းခံသည့် အခွန်တောင်းခံလွှာတွင် ပါရှိသည့် သတ်မှတ်ဝင်ငွေ ၊ ကျသင့်အခွန်နှင့် ဒဏ်များအရ မိမိတို့၏ စုဆောင်းနိုင်ငွေကို အလွယ်တကူတွက်ချက်သိရှိနိုင်ပြီး တစ်ဖက် မှလည်း ၀င်ငွေရလမ်းအဖြစ် အထောက်အထားများနှင့်အတူ တင်ပြရမည်ဖြစ်သည့် အတွက် ရရှိထားသည့် အခွန်တောင်းခံလွှာ၊ ငွေပေးသွင်းပြီးချလန်ဖြတ်ပိုင်းများကို စနစ်တကျ ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း ၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူများ၏ စုဆောင်းခွင့်ရှိသည့် ငွေဖြူပမာဏကို အခွန်ထမ်းဆောင်မှု မှတ်တမ်းစာအုပ်တွင် စည်းကြပ်နှစ်အလိုက် ထည့်သွင်းဖော်ပြပေးလျက်ရှိပါကြောင်းနှင့် သိရှိလိုသည်များကို သက်ဆိုင်ရာရုံးများသို့ ဆက်သွယ်မေးမြန်းလာပါကလည်း ဖြေကြားပေးလျက်ရှိပါကြောင်း ဆက်လက်ရှင်းလင်းဖြေကြားသည်။
ပန်းဘဲတန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေ တင်သွင်း သည့် နိုင်ငံတော်အတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးပါဝင် ပတ်သက်သူများအားလုံးသည် E-Government Websiteများနှင့် Mobile Application များမှတစ်ဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ရယူ သုံးစွဲနိုင်ရေးအတွက် E-Government စနစ်များ ပိုမိုထိရောက်အောင်မြင်စွာ အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက ထောက်ခံဆွေးနွေးသည်။

ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်ဥက္ကဋ္ဌက လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်းကြေညာကာ ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာ သည်။

No comments:

Post a Comment