Monday, September 12, 2016

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ်အတွင်းသွားရောက်လေ့လာ


နေပြည်တော်၊ စက်တင်ဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိ နေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Haiဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ဦးခန္တီ မဟာမြတ်မုနိဆုတောင်း ပြည့်ဘုရားကြီး၊ ဆံတော်ရှင် ဦးဇိနစေတီတော်တို့အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက္ခမီရေလယ်ဘုရား၊ သံဖြူဇရပ်စစ်သင်္ချိုင်း၊ သေမင်းတမန်ရထားလမ်းပြတိုက်တို့အား ဆက်လက်လေ့လာခဲ့ကြသည်။ နေ့လည်ပိုင်းတွင် မုဒုံမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသူများ၏ စက်ချုပ်ပညာ လေ့လာသင်ကြားနေမှုများ၊ သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများကို ကြည့်ရှုလေ့လာ၍ အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား ကြည့်ရှုလေ့လာခဲ့သည်။
ဆက်လက်၍ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ် ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကာ စေတီတော်မြတ်ကြီးအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ကမ္ဘောဇသာဒီနန်းတော်အား ကြည့်ရှုလေ့လာခဲ့ကြသည်။

ဗီယက်နမ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment