နေပြည်တော်
စက်တင်ဘာ ၁၂
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီ ပေးရေး ဆိုင်ရာ စာချွန်လွှာ
လက်မှတ် ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ
ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊
ဂျပန်နိုင်ငံဘက်မှ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi ဦးဆောင်သည့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက် အကောင်အထည် ဖော်ရန်အတွက် ဂျပန်ယန်း
သန်း ၅၀၀ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား
မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
အဆိုပါ
စာချွန်လွှာကို လက်မှတ်ရေးထိုး လဲလှယ်ခြင်းဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေး
ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု
တိုးတက်ခိုင်မာစေပြီး စာချွန်လွှာပါ စီမံချက် အရ ဂျပန်နိုင်ငံအစိုးရမှ ရခိုင်
ကမ်းရိုးတန်း ဒေသအတွက် ရေယာဉ်များ ထောက်ပံ့လှူဒါန်းမည်ဖြစ်ရာ ရခိုင်ကမ်းရိုးတန်းဒေသ
ရေကြောင်း သွားလာရေး အဆင်ပြေ ချောမွေ့စေပြီး ယင်းဒေသရှိ ဒေသခံ ပြည်သူများ၏ လူနေမှုဘဝ
လုံခြုံရေးအတွက် ခိုင်မာကောင်းမွန်လာစေမည်ဖြစ်သည်။
No comments:
Post a Comment