Thursday, September 8, 2016

ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရယူရာတွင် ကြုံတွေ့နိုင်သော အဟန့်အတားများနှင့် ပတ်သက်၍ စုစည်းထားသော အသံများ ဖော်ထုတ်ဆွေးနွေးခြင်း အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် 3MDG တို့ ပူးပေါင်းဆောင်ရွက်သည့် '' ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရယူရာတွင် ကြုံတွေ့နိုင်သော အဟန့်အတားများနှင့် ပတ်သက်၍  စုစည်းထားသော အသံများ ဖော်ထုတ် ဆွေးနွေးခြင်း အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနား'' ကို ယနေ့နံနက် (၈း၃၀) နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများ အားလုံးကို ကြိုဆိုပါကြောင်း၊ 3MDG မှ တာဝန်ရှိသူများနှင့် ယခုအစီရင်ခံစာ ပြုစုရာတွင် ပါဝင်သူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊

ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာရေးပြဿနာ၏ အရင်းအမြစ်ကို သိရှိမှသာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်မည်ဖြစ်ပါ ကြောင်း၊ထို့ကြောင့် 3MDG အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် အလွန်သင့်လျော်ပါကြောင်း၊ အမျိုးသား ကျန်းမာရေးမူဝါဒ ချမှတ်ရာတွင် လည်း Input တစ်ခုအနေဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း၊
ယခုအစီရင်ခံစာ ပေါ်ပေါက်လာရေးအတွက် အချက်အလက်များကို လူထုအခြေပြု အဖွဲ့အစည်းများနှင့် တာဝန် ရှိသူများ ပူးပေါင်းပြီး ကျေးရွာများအထိ သွားရောက်ကာ စုဆောင်းထားသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ယခု အစီရင်ခံစာ သည် ပကတိမြေပြင်အခြေအနေကို ထင်ဟပ်စေမည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနား၌ ပညာရှင်များနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း ကဏ္ဍလည်း ပါဝင်မည်ဟုသိရှိရပါကြောင်းနှင့် အကျိုးရှိအောင်ဆွေးနွေးကြစေလိုကြောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်းရေးဆွဲရာတွင် ယခုအစီရင်ခံစာမှ အချက်အလက်များကို ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စုစည်းထားသော အသံများ အစီရင်ခံစာနှင့်ပတ်သက်၍ 3MDG မှ အကြီးတန်း အကြံပေးဖြစ်သူ ဒေါက်တာ ကျော်ညွှန့်စိန်က ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment