Thursday, September 8, 2016

ဇီကာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဇီကာရောဂါကြိုတင်ကာကွယ်ရေး၊ နှိမ်နင်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အမျိုးသားအဆင့် နည်းဗျူဟာစီမံကိန်းကို ရေးဆွဲအတည်ပြုကာ အဆိုပါ နည်းဗျူဟာစီမံကိန်းအရ ZIKA ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ခြင်ကျားနှိမ်နင်းရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

ဇီကာရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေးခြင်းနှင့် သတင်းအချက်အလက် အသစ်များကို ပြည်သူလူထု သိရှိနိုင်ရန် နိုင်ငံတစ်ဝန်းရှိအခြေခံကျန်းမာရေး ဝန်ထမ်းများမှ တစ်ဆင့်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန Web-Site နှင့် Myanmar CDC Facebook Page များမှတစ်ဆင့်လည်းကောင်း၊ အသိပညာပေး ဆောင်ရွက် လျှက်ရှိသည်။
လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာနခွဲသည်  နိုင်ငံတကာမှ ၀င်ရောက်လာသည့် ခရီးသွားဧည့်သည်များအား  လေဆိပ်နှင့် ဆိပ်ကမ်းများ၌ အဖျားလက္ခဏာ ရှာဖွေသည့်စက်များဖြင့် ထောက်လှမ်း စောင့်ကြည့်ရှုခြင်း၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်နှင့်  မြန်မာ-အိန္ဒိယနယ်စပ်   ၀င်ထွက်ပေါက်များတွင်လည်း ရောဂါစောင့်ကြည့်ထောက်လှမ်းခြင်း လုပ်ငန်း များကို လုပ်ဆောင်လျက်ရှိပါသည်ဟု ထို့အပြင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင် များမှတဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နှိမ်နင်းရေးဌာန (ရပကန) က လေဆိပ်များနှင့် ဆိပ်ကမ်းများ၌ ဇီကာဗိုင်းရပ်စ်နှင့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ရောဂါပိုးများကို သယ်ဆောင်နိုင်သော Aedes ခြင်ကျားသက်ကြီးခြင်များ၊ ပိုးလောက်လန်းများ၊ ခြင်ဥများကို စုံစမ်းရှာဖွေလျက်ရှိပြီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိသည်။ ရောဂါထောက်လှမ်း စောင့်ကြပ်ကြည့်ရှုသည့်စနစ်ကို အားဖြည့်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဇီကာ ဗိုင်းရပ်စ်ရောဂါ သံသယလူနာ တွေ့ရှိလာခဲ့ပါက ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ပြီးကနဦး ဓါတ်ခွဲစစ်ဆေး အတည်ပြုပေးနိုင်ပြီဖြစ်သည်။ ယခု အချိန်ထိ မြန်မာနိုင်ငံတွင် ဇီကာရောဂါ ကူးစက်ခံရသည့်လူနာ မတွေ့ရှိသေးပါကြောင်း။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပကနအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အ​ခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူလူထုတို့နှင့် ပူးပေါင်းပြီး၊ ခြင်ကျားပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၅-၂-၂၀၁၆) ရက်နေ့မှ (၆-၉-၂၀၁၆) ရက်နေ့ထိ ရပ်ကွက်နှင့်ကျေးရွာပေါင်း (၃၀,၉၄၀)ခုရှိ အိမ်ခြေ (၂,၁၇၁,၈၄၀) တွင် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းသတ်ဆေးများကိုလည်း ရပ်ကွက်နှင့် ကျေးရွာပေါင်း (၈,၆၂၆) ခုရှိ  အိမ်‌ခြေ (၅၈၂,၄၀၄) များမှာ  ရေစည်၊ ရေအိုးပေါင်း၌  ဆေးခပ်ပေးခြင်းနှင့် ရပ်ကွက် ကျေးရွာပေါင်း (၂,၂၁၁) ခုရှိ အိမ်‌ခြေ (၂၃၁,၁၆၂) ၌ ခြင်ကျားသက်ကြီးကောင် နှိမ်နင်းရေးလုပ်ငန်းအဖြစ် ခြင်ဆေးမှိုင်းမှုတ်ခြင်းလုပ်ငန်းတို့ကို  ဆောင်ရွက်ပေး နိုင်သည်။
ကျောင်းအခြေပြု ခြင်ကျားသက်ကြီးကောင်နှင့် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသည် သက်ဆိုင်ရာအ‌ခြေခံပညာရေးဌာနများ၊ အ‌ခြေခံပညာ ကျောင်းသူ/ကျောင်းသားများဖြင့် ပူးပေါင်းကာ အ‌ခြေခံပညာကျောင်းပေါင်း (၈,၄၂၄) ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်း သတ်ဆေးကို (၆,၆၅၁) ကျောင်းတွင် ဆေးခပ်ပေးခြင်းနှင့် (၁,၉၅၇) ကျောင်းတွင် ခြင်ဆေးမှိုင်းမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ရှေ့လုပ်ငန်းစဉ်များအဖြစ် ဇီကာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ အသစ်တွေ့ရှိချက်များကို အဆင့်မြင့်နည်းပညာ ဆွေးနွေးပွဲ ပြုလုပ်၍မြန်မာနိုင်ငံနှင့် သင့်လျော်သည့်နည်းလမ်းများအား ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် ထည့်သွင်းလုပ်ဆောင်သွားရန်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဇီကာရောဂါကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအား အသိပေးဆွေနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားရန်၊ ရောဂါနှိမ်နင်းရေးအတွက် ထပ်မံလိုအပ်သည့်စက်ပစ္စည်း၊ ဓါတ်ခွဲပစ္စည်းနှင့် ကျန်းမာရေးပညာပေး လုပ်ငန်း သုံးပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်းပြီးဝယ်ယူဖြည့်တင်းသွားမည်ဟု သတင်းရရှိသည်။

No comments:

Post a Comment