Thursday, September 8, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇ )ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်အဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးခင်အောင်မြင့်၏ တိုင်းရင်းသားမျိုးနွယ်စုများ အတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူး စီမံကိန်းချမှတ်၍ စဉ်ဆက်မပြတ်အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးတို့က ဆက်လက် ဆွေးနွေးကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး က အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ချက်များကြောင့် စာမတတ်သူပပျောက်သည့် ဦးရေလျော့နည်းလာသော်လည်း အသက် ၁၅ နှစ်အထက် တစ်နိုင်ငံလုံး စာမတတ်သူ ၃ ဒသမ ၅ သန်းခန့်ရှိသည့် အနက် ၃ သန်းခန့်မှာ ကျေးလက်ဒေသ တွင် နေထိုင်သူများဖြစ်ကြခြင်း၊ တစ်နိုင်ငံလုံး တွင် ၅ နှစ်အထက် ကျောင်းမနေသူ ၄ ဒသမ ၈ သန်းခန့်ရှိပြီး ၁ ဒသမ ၃ သန်းခန့်မှာ ၅ နှစ်မှ ၁၈ နှစ်အထိ ကလေးသူမယ်များ ဖြစ်ကြခြင်း၊ ပြည်တွင်းရွေ့ပြောင်း အလုပ်သမားဦးရေ ၉ ဒသမ ၃ သန်းခန့်ရှိနေခြင်းနှင့် တိုက်ပွဲရှောင်များရှိနေခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်သင်ကြားမှု အစီအစဉ်မဟုတ် သည့် (Non Formal Primary Education – NFPE ) အစီအစဉ်ကို ယခုထက်ပို၍ ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းသားမျိုးနွယ်စုအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်နှင့် တောင်ပေါ်ဒေသနေ တိုင်းရင်းသားလူမျိုးများကို ယခုထက်ပို၍ အဆင့်မြင့်ပညာ ဆည်းပူးလေ့လာခွင့်ရစေရန် ဆောင်ရွက်ပေးသင့်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီကို တည်ထောင်၍မရသကဲ့သို့ ဒီမိုကရေစီမရှိဘဲနှင့် လည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်၍မရနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးသည် တရားဥပဒေ စိုးမိုးမှုအောက်တွင် ဖြစ်ထွန်းအောင်မြင်နိုင်မည် ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်နေသူအားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်မှသာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီး တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့်ပညာသင်ကြားနိုင်ရေး၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ဆိုင်ရာပညာရပ်များ သင်ယူနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို စဉ်ဆက်မပြတ်အားပေးမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
တနသာင်္ရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း က အဆိုကို ပါဝင်ဆွေးနွေးကြသည့် ကိုယ်စားလှယ် အရေအတွက်ကို ကြည်ခြင်းအားဖြင့် ပညာရေးလိုအပ်ချက်သည် မိမိတို့တိုင်းပြည်တွင် အလွန်အရေးကြီးကြောင်းနှင့် ပညာရေးနှင့် ပတ်သက်၍ ပြည်နယ်ပြည်မ တန်းတူရပိုင်ခွင့်ရရှိရေးသည် အလွန်လိုအပ်သည်မှာ သိသာထင်ရှား နေပါကြောင်း၊ မည်သည့်တိုင်းရင်းသားဖြစ်စေ ဝေးလံခေါင်သီသည့် နေရာများတွင် စာမတတ်သူအရေအတွက် ပိုမိုများပြား ပါကြောင်း၊ ပညာရေးကို ပြုပြင်ပြောင်းလဲရေး အသွင်တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ တိုင်းပြည် ပြုပြင် ပြောင်းလဲရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည် အဓိကအကျဆုံးသော အရင်းအနှီး တစ်ခုဖြစ်ပါကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုများသာမက စစ်ရေးနှင့် နိုင်ငံရေးတို့ကိုပါ အထောက်အပံ့ပြုပါကြောင်း၊ လူသားသယံဇာတများထုတ်ယူသုံးစွဲနိုင်ရန် ပညာရေးကို ရင်းနှီးမြှုပ်သင့် ပါကြောင်း၊ သို့ပါ၍ အဆိုကိုမှတ်တမ်းအဖြစ် ထားရှိသင့်ကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ က စာပေသည် ဘာသာစကား၊ ယဉ်ကျေးမှုတို့၏ မှတ်တိုင်ဖြစ်ပါကြောင်း၊ စာပေနှင့် ဘာသာစကားသည် လူမျိုး တစ်ဦး၏ အသက်ပင် ဖြစ်ကြောင်း၊ စာပေနှင့် ဘာသာစကားပျောက်ကွယ်သွားပါက လူမျိုးတိမ်ကော ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ လူမျိုးတစ်မျိုး ရပ်တည်နေထိုင်နိုင် ရေးသည် စာပေ၊ ဘာသာစကား နှင့် ယဉ်ကျေးမှုတို့အပေါ်တွင် မူတည်ပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား မိခင်ဘာသာ စကားနှင့် စာပေသင်ကြားခွင့်ရရှိရေးသည် နိုင်ငံရေးအရသော်လည်းကောင်း၊ ပညာရေးအရ သော်လည်းကောင်း အထူးအလေးပေးသင့်ပါကြောင်း၊ ပြည်တွင်းစစ်မီး တောက်လောင်ခြင်းတွင်  ပညာရေးမူဝါဒများ လက်တွေ့ဆောင်ရွက်ခြင်းသည်လည်း ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပညာရေး ကျောင်းများသည် ပုံစံအမျိုးမျိုးဖြင့် ရှိပါကြောင်း၊ မွန်ပြည်နယ်ရှိ မွန်အမျိုးသားစာသင်ကျောင်းများ၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပညာများကို အစိုးရသင်ရိုးညွှန်းတမ်း အတိုင်းသင်ကြားနေသည့် ကျောင်းများဖြစ်ပြီး မွန်ဘာသာစကားကိုလည်း ထည့်သွင်း သင်ကြားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ အမျိုးသားကျောင်းများကို တရားဝင်အသိအမှတ်ပြုပြီး ပညာရေးရန်ပုံငွေချထားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသင့်ပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၄) မှ နန်းမိုးမိုးထွေး က  အဆိုရှင်နေဖြင့် ဝေးလံ ခေါင်သီသည့်ဒေသများတွင် နေထိုင်ကြ သည့် တိုင်းရင်းသားမျိုးနွယ်စုအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝရခိုင်မြဲရေး တို့ကို ရည်ရွယ်သည့်အတွက် ၀မ်းမြောက်ရပါကြောင်း၊ တောင်ပေါ်ဒေသများ၌သာမက မြေပြန့်ဒေသရှိ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ဒေသများရှိ တိုင်းရင်းသားလူမျိုးများသည်လည်း အခွင့်အလမ်းနည်းပါးနေပါကြောင်း၊ ထို့ကြောင့်ထိုဒေသများရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့သည် များစွာနောက်ကျကျန် နေပါကြောင်း၊ အဆိုရှင်၏ စာမတတ်သူပပျောက်ရေးဟူသည့် အချက်သည် အကောင်အထည်ဖော်ရန် လွန်စွာခက်ခဲပါကြောင်း၊ အဆိုကို မှတ်တမ်းတင်သင့်ကြောင်း ဆွေးနွေးသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးကျော်နီနိုင် က တိုင်းရင်းသားလူမျိုး ပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အဓိကထားရမည့် အမျိုးသားရေးဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး စသည်တို့တွင် တန်းတူညီမျှရရှိရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများအတွက် အဆင့်မြင့်ပညာသင်ကြား နိုင်ရေးနှင့် တိုင်းရင်းသားစာပေထွန်းကားနိုင်ရေး၊ တောင်ပေါ် ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် ပိုမို ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း၊  နိုင်ငံနှင့်လူမျိုးကို ချစ်သည့် စိတ်ကိန်းအောင်းလာရန်နှင့် နိုင်ငံလုံခြုံရေးကို အသိပညာဖြင့် ထိန်းကျောင်းနိုင်ရန်အဆင့်မြင့်ပညာ သင်ကြားနိုင်ရေးကို အားပေး ဆောင်ရွက်သင့် ကြောင်း၊ ဝေးလံခေါင်သီသည့်ဒေသများရှိ တိုင်းရင်းသားများကို ပညာရေးအားပေးမှုလိုအပ်နေသည့်အပြင် ကျန်းမာရေး ကိုလည်း အစဉ်ဂရုစိုက်သင့်ပါကြောင်း၊ သို့မှသာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် တိုင်းရင်းသားများအနေဖြင့် တစ်ထောင့်တစ်နေရာမှ တာဝန်ယူထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုကိုထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။  

No comments:

Post a Comment