Wednesday, September 21, 2016

(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကျင်းပ၊ အာဆီယံနိုင်ငံများ၏ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများဆွေးနွေး


 နေပြည်တော်၊ စက်တင်ဘာ  ၂၁
(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး၊ အာဆီယံစွမ်းအင်ဖိုရမ် ၂၀၁၆ စာတမ်းဖတ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂)၌ ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲအခမ်း အနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အာဆီယံစွမ်းအင်အလှည့်ကျဥက္ကဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအရေးကြီး ပါကြောင်း၊ မိမိတို့ ဒေသတွင်းဖွံ့ဖြိုးတိုးတက် ရေးသည် အာဆီယံဒေသတွင်းသာမက အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ကိုပါ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း၊ အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင် ရွက်မှုအစီအစဉ် (ASEAN Plan of Action for Energy Cooperation -APAEC 2010-2015) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ ယခုနှစ် APAEC ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၂၀၁၆-၂၀၂၅ ၏ စီမံကိန်းပထမအဆင့် ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း အာဆီယံဒေသတွင်းနိုင်ငံများအကြား၊ အာဆီယံနှင့်ဆွေးနွေးဘက် နိုင်ငံများ၊ အဖွဲ့အစည်းများတို့အကြား စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည့် မူဝါဒရည်မှန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို တက်ကြွစွာဝိုင်း ဝန်းဆွေးနွေး သွားကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာကြ သူ များမှ MICC-II ၌ ခင်းကျင်းပြသထားသည့် စွမ်းအင်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Horizon Lake View Resort Hotel ၌ ဆက်လက် ကျင်းပ သည်။ အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်အတူ ၂၀၁၆ ခုနှစ် အာဆီယံစွမ်းအင် ဆိုင်ရာ ဆုတံဆိပ်ချီးမြှင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ Rural Electrification With Micro Hydro Power For SHARSEBO & 3 Villages Project က Winner ဆု၊ Solar Rooftop System က 1st Runner-up ဆုများ အသီးသီးရရှိခဲ့သည်။
 (၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များနှင့် AEBF-2016 သို့ အာဆီယံနိုင်ငံများ၊ အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ရုရှား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျနိုင်ငံတို့မှ စွမ်းအင် ဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် အာဆီယံစွမ်းအင်ဗဟိုဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ IEA၊ ERIA၊ IAEA၊ IRENA စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ Specialized Bodies နှင့် Sub-sector Networks တို့မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စွမ်းအင်ဆိုင်ရာပြခန်းပြသသူများ စုစုပေါင်း ၇၀၀ ကျော်တက်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ခြင်းဖြစ်ပြီး၊ (၃၅)ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေး များကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment