Friday, September 9, 2016

ရခိုင်တိုင်းရင်းသားများအတွက် ထိရှလွယ်သည့်ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်းရင်းသားများလက်ခံနိုင်ရန်မှာ အဓိကဖြစ် ကော်မရှင်နှင့်ပတ်သက်၍ လိုအပ်သည်များအား တပ်မတော်က ကူညီဆောင်ရွက်ပေးသွားမည်

နေပြည်တော် စက်တင်ဘာ ၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်တိုင်းရင်း သားများအတွက် ထိရှလွယ်သည့် ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်းရင်းသားများ လက်ခံနိုင်ရန်မှာ အဓိကဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒသည်အဓိက ကျကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံသားဖြစ်မှုကိုသာမက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီအရေး တို့ကိုပါ ထည့်သွင်းစဉ်းစားရကြောင်း၊ ကော်မရှင်အနေဖြင့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေသမိုင်းကြောင်းနှင့်ယှဉ်၍ လေ့လာ ဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ ယခု ပြဿနာသည် ဘာသာရေးကြောင့် မဟုတ်ဘဲ ဘာသာရေးကို အခြေခံပြီး လှုံ့ဆော်နေမှုများကြောင့်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာသုံးသပ်ပြောဆို လုပ်ဆောင်လျက်ရှိကြောင်း၊ ကော်မရှင်နှင့် ပတ်သက်၍ လိုအပ်သည်များအား တပ်မတော်က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မစ္စတာ ကိုဖီအာနန်က ယခုကဲ့သို့ရှင်းလင်းပြောကြားပေး၍ မိမိအတွက် သမိုင်းအသိရပြီး အနာဂတ်ကို မြော်မြင်နိုင်မှု အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်းမဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက်အသိုက်အဝန်းများနှင့် တွေ့ဆုံ၍ လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု ကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိရခိုင်ဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်ဖက် အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုအသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ဆက်လက် ဆောင်ရွက်သင့်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို  လေ့လာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

No comments:

Post a Comment