Thursday, September 8, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၂၈) ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအ‌ဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ဆောင်ရွက်ခဲ့မှု

နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ တွင် စက်တင်ဘာ (၆)ရက်မှ (၈)ရက်အထိ ကျင်းပခဲ့သည့် (၂၈) ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအ‌ဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးခဲ့သည့်အပြင် အာဆီယံနှင့် ဆွေးနွေး ဘက်နိုင်ငံများမှ အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာလ (၆)ရက်က စတင် ကျင်းပသည့် (၂၈)ကြိမ်နှင့်‌(၂၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနား၊(၂၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအ‌ဝေး၊ အာဆီယံဒေသတွင်းနှင့် ဒေသပြင်ပရှိသဘာဝ ဘေးအန္တရာယ်များကို အာဆီယံအနေဖြင့် တုံ့ပြန်ကာကွယ် ခြင်းဆိုင်ရာ အာဆီယံကြေညာချက် လက်မှတ် ရေးထိုးခြင်း အခမ်းအနား၊ အာဆီယံ ပေါင်းစည်းဆက်သွယ်ရေးဆိုင်ရာ မဟာစီမံကိန်း (၂၀၂၅) နှင့် အာဆီယံပေါင်းစည်းရေး ဆိုင်ရာကနဦးလုပ်ငန်းစီမံချက်-၃ တို့အား စတင်အကောင် အထည်ဖော်ခြင်းအခမ်းအနား၊ အာဆီယံ နိုင်ငံ/အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ၊ အာဆီယံနိုင်ငံ/အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံလူငယ် ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေးပွဲနှင့် အာဆီယံနိုင်ငံ/အစိုးရ အဖွဲ့အကြီးအကဲများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာ(၇)ရက်က (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအ‌ဝေး၊  အာဆီယံ-တရုတ်ဆွေးနွေး ဘက်ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ်ဆိုင်ရာ (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအ‌ဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအ‌ဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအ‌ဝေး နှင့် (၁၉) ကြိမ်မြောက်အာဆီယံ-အပေါင်းသုံးထိပ်သီး အစည်းအ‌ဝေး၊ (၂) နှစ်လျှင်တစ်ကြိမ် ကျင်းပသည့် ပထမအကြိမ် အာဆီယံ-သြစတြေးလျထိပ်သီးအစည်းအ‌ဝေးနှင့် (၈) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးနှင့် (၈) ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးများသို့ အခြားအာဆီယံနိုင်ငံများမှ  အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအ‌ဝေး၊ စတုတ္ထအကြိမ်မြောက်  အာဆီယံ-အမေရိ ကန်ထိပ်သီးအစည်းအ‌ဝေးနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးများသို့လည်း တက်ရောက်ခဲ့သည်။
ထို့ပြင် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် တစ်ဆက်တည်းကျင်းပခဲ့သည့် (၈) ကြိမ်‌မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်း အဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ အကြီးအကဲများနှင့်အတူ တက်ရောက် ခဲ့သည်။
အဆိုပါ (၂၈) ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အ‌ဝေးများ နှင့် ဆက်စပ်ထိပ်သီးအစည်းအ‌ဝေး များတွင် လက်မှတ်ရေးထိုးချုပ်ဆိုသည့် အာဆီယံ ကြေညာချက် (၁) ခု၊ ဥက္ကဋ္ဌထုတ်ပြန်သည့် ကြေညာချက် (၁၁) ခု၊ အတည်ပြုသည့် ထုတ်ပြန်ချက် (၁၈) ခု၊  မှတ်တမ်းတင်သည့် ထုတ်ပြန်ချက် (၂၇) ခု စုစုပေါင်း ထုတ်ပြန်ချက် (၅၇) ခုကို ထုတ်ပြန်ခဲ့သည်။
ထိပ်သီးအစည်းအဝေးကာလအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာငုယဉ်စွမ်းဖု၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၊ နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် မစ္စတာဂျွန်ကီး၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် (၂၈) ကြိမ်နှင့် (၂၉) ကြိမ်‌မြောက် အာဆီယံ ထိပ်သီး အစည်းအ‌ဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ဆက်ဆံရေးနှင့် အနာဂတ်ဦးတည်ချက်၊ ဒေသတွင်းနှင့် နိုင်ငံတကာအရေး ကိစ္စရပ်များ၊ အာဆီယံနှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆွေးနွေးခဲ့သည့်အပြင် မြန်မာနိုင်ငံမှ ဆွေးနွေး ဖက်ဆက်ဆံရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည့် ပထမအကြိမ် အာဆီယံ-သြစတြေးလျထိပ်သီး အစည်းအ‌ဝေး တွင်လည်း ဦးဆောင်ဆွေးနွေးခဲ့သည်။ 

No comments:

Post a Comment