Friday, September 9, 2016

ရခိုင်ပြည်နယ်အရေး အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ထိတွေ့ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကိုဖီအာနန်ပြောကြား

ရန်ကုန် စက်တင်ဘာ ၈
ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရာတွင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်ပါ ထိတွေ့ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ခန့်အပ်တာဝန်ပေးခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်က ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဆူးလေချန်ဂရီလာဟိုတယ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီရခိုင်အရေးဖြေရှင်းတဲ့အခါမှာ တစ်နိုင်ငံတည်း ဖြေရှင်းလို့မရဘူး။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဘယ်လိုဆောင်ရွက် နိုင်မယ်ဆိုတာကို ကော်မရှင်တွေအနေနဲ့ စူးစမ်းပြီးတော့ လုပ်ဆောင်မှာဖြစ်တယ်။ ဥပမာ လူတွေရွှေ့ပြောင်းသွားတာ၊ နယ်စပ်ဖြတ်ကျော်သွားတာ စတဲ့ လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းကိုင်တွယ် တဲ့အခါမှာ အိမ်နီးချင်းနိုင်ငံအစိုးရတွေနဲ့ပါ ကျွန်တော်တို့ ကော်မရှင်က ထိတွေ့ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ကိုဖီအာနန်က ပြောကြားသည်။
ဆက်လက်ပြီး ကိုဖီအာနန်က ကော်မရှင်၏ လုပ်ငန်းတာဝန်၊ ဦးတည်ချက်သည် အကြံပေးရန်သာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ရှုပ်ထွေးပြီး သိမ်မွေ့သည့်ကိစ္စရပ်များကို ကာလရှည်တည်တံ့နိုင်မည့် ဖြေရှင်းချက်ကို နိုင်ငံတကာစံနှုန်း များနှင့်အညီ ဆောင်ရွက်နိုင်ရန် အကြံပြုသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်သည် ဘက်မလိုက်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကို အကြံပြုသွားမည့် အဖွဲ့ဖြစ်ကြောင်း၊ တိတိကျကျနှင့် လုံးဝဘက်မလိုက်ဘဲ ကြားနေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်အားဖြင့် ကျယ်ပြန့်၍ အဓိကအကြံပြုသွားမည်မှာ ပဋိပက္ခဖြေရှင်းရေး၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး၊ နယ်မြေအတွင်း အဖွဲ့အစည်းသစ်များ အားကောင်းစေရေး အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းနယ်ပယ်၌လည်း အကြံပြုသွားမည်ဖြစ်ကြောင်း၊ အကြံပြုသည့်အခါတွင်လည်း ဒေသခံများ ပြောသည်ကိုလေ့လာသင်ယူပြီး အကြံပြုသွားမည် ဖြစ်ကြောင်း၊ အစီရင်ခံစာတင်ရန် တစ်နှစ်အချိန်ရကြောင်း၊ တစ်နှစ် အတွင်းမှာ အလောတကြီးလုပ်မှာ မဟုတ်သလို အချိန်လည်းဆွဲမှာမဟုတ်ဘဲ စိတ်ရှည်လက်ရှည်ဖြင့် အပြည့်အစုံ နှံ့နှံ့စပ်စပ်ဆောင်ရွက်ပြီး ခိုင်မာတဲ့အစီရင်ခံစာတင်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာရှိသည့် အသိုက်အဝန်းအသီးသီးအတွက် ကျွန်တော်တို့၏ အစီရင်ခံစာသည် အကျိုးပြု၊ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ယနေ့စာနယ်ဇင်းရှင်းလင်းပွဲအဖွင့်တွင် ပြောသည်။
ပြည်တွင်း ပြည်ပမှ ကော်မရှင်အဖွဲ့ဝင် ကိုးဦးပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည် ပြီးခဲ့သော စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ရခိုင်ပြည်နယ်အတွင်းရှိ သံဃာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အသိုက်အဝန်းအသီးသီးမှ ခေါင်းဆောင်များ ပြည်နယ်တွင်းရှိကျေးရွာများမှ ပြည်သူများ စသည့် တာဝန်ရှိသူအသီးသီးတို့အား ပထမအကြိမ်အဖြစ် သွားရောက်လေ့လာဆန်းစစ်ခဲ့သည်။ ယင်းနှစ်ရက် သွားရောက်လေ့လာဆန်းစစ်မှုပြုရာတွင် ရခိုင်ပြည်နယ်မှ ပြည်သူသုံးထောင်ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းကန့်ကွက် ဆန္ဒပြမှုအပေါ် ခံစားမှုကို မီဒီယာများက ကိုဖီအာနန်အားမေးမြန်းရာ “ဒီလိုမျိုး ဆန္ဒပြတယ်ဆိုတာက သိသွားအောင်လုပ်တဲ့ နည်းတစ်မျိုးပါ။ ထင်ထင်ရှားရှား ဆန္ဒဖော်ထုတ်နည်းတစ်မျိုးလို့ ထင်ပါတယ်။ ကောင်းမွန်တဲ့ သဘောရှိတယ်လို့မြင်ပါတယ်။ ပြည်သူလူထုအနေနဲ့ ရှုမြင်ပုံတွေကို သူတို့နည်း သူတို့ဟန်နဲ့ ဖော်ပြကြမှာဖြစ်ပါတယ်။ လက်ခံရမှာပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအတွက်ကော်မရှင်က ကူညီမယ်လို့ ပြောပါတယ်။ ပြီးတော့ လွှတ်တော်ကလည်း ကော်မရှင်ကို ထောက်ခံပြီးတော့ မဲခွဲဆုံးဖြတ်ခဲ့တာရှိပါတယ်။ ဒါကြောင့်မို့ ဒီပြဿနာကို ထားခဲ့လို့ရပြီလို့ မျှော်လင့်ပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ကော်မရှင်အနေနဲ့ ရခိုင်အကျိုးစီးပွား မုချထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြုတဲ့ အဆိုပြုချက်တွေဟာ အားလုံးအကျိုးကျေးဇူးအတွက် ဖြစ်ရပါမယ်။ ရခိုင်ပြည်နယ်မှာရှိသူတွေအားလုံး မြန်မာတစ်နိုင်ငံလုံး အကျိုးဖြစ်မယ့် အဆိုပြုချက်တွေဖြစ်အောင် ကြိုးစားသွားပါ့မယ်။ အဲဒီအတိုင်းပဲ လုပ်ငန်းတာဝန်ဖြစ်ပါတယ်။ အဲဒီအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ။ အဲဒီတော့ ကော်မရှင်နဲ့ပတ်သက်လို့ တွန့်ဆုတ်နေတဲ့သူတွေ ရှိပါလိမ့်မယ်။ ကျွန်တော်တို့ဆီကိုလာပြီးဆွေးနွေးဖို့ ဖိတ်ကြားပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ကတော့ တတ်နိုင်သလောက် အဖွဲ့များများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဆောင်ရွက်သွားလိုတာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်သည် မီဒီယာများမေးမြန်းမှုကို ဆက်လက်ဖြေကြားခဲ့ရာ အရင်ကော်မရှင်ရှိ ခဲ့တယ်ဆိုတာ သိရှိပါကြောင်း၊ အခုဖွဲ့စည်းလိုက်သည့် ကော်မရှင်က ပြည်တွင်း၊ ပြည်ပရောနှောဖွဲ့စည်းထားသည့် မြန်မာ ကော်မရှင်အဖွဲ့ ဖြစ်ကြောင်း၊ နိုင်ငံခြားသားကဏ္ဍပါဝင်ရုံသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒီကော်မရှင်က နိုင်ငံတကာက ပါဝင်တာဖြစ်ပေမည့် အကြံပေးရန်သာ ဖြစ်ကြောင်း၊ ဆရာလုပ်ရန် မဟုတ်ကြောင်း၊ နယ်မြေတွင်းသာမက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ပိုကောင်းအောင် ဘယ်လိုထိန်းချုပ် သွားနိုင်သည်ဆိုသည့် အပိုင်းတွေလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြံပြုချက်ပေးသည့်အခါမှာလည်း ရခိုင်ပြည်နယ်မှာရှိသည့် အစုအဖွဲ့အားလုံး အထောက်အကူပြုရန် အကူအညီပေးရန်သာဖြစ်ပါကြောင်း၊ တစ်ဖက်ဖက်ကို အာရုံစူးစိုက်ရုံနှင့် မပြေလည်နိုင်ပါကြောင်း၊ ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို စုံစမ်းရန်မဟုတ်ကြောင်း၊ လူ့အခွင့်အရေး အစီရင်ခံစာတင်ရန်လည်း မဟုတ် ကြောင်း၊ ကော်မရှင်အနေနှင့် အကြံပြုချက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ အကြံပြုချက်ပေးရာမှာလည်း နှစ်ဖက်တင်းမာမှုများ လျော့ပါးအောင်၊ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်အောင်နှင့် အထောက်အကူပြုမည့် အကြံပြုချက်များပေးနိုင်ရန်မှာ ကော်မရှင်၏ လုပ်ငန်းတာဝန်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့ ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ ပထမဆုံးအကြိမ် မီဒီယာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပမီဒီယာ စာနယ်ဇင်းသမား ၁၀၀ ကျော် တက်ရောက်မေးမြန်းမှုများပြုလုပ်ခဲ့ပြီး မေးမြန်းရာတွင်လည်း အချိန်အားဖြင့် ၂၅ မိနစ်သာရခဲ့သဖြင့် အချို့မီဒီယာများ စိတ်ကျေနပ်မှုမရခဲ့ကြောင်း သိရသည်။

No comments:

Post a Comment