Tuesday, September 27, 2016

စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် ရာသီဥတုဖိုရမ်နှင့် (၉)ကြိမ် မြောက်တောင်အာရှဥတုရာသီပြောင်းလဲမှု ဆိုင်ရာသုံးသပ်ဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်(WMO)နှင့် ကနေဒါနိုင်ငံအစိုးရတို့၏ ပံ့ပိုးမှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန (RIMES) တို့ ပူးပေါင်း၍ (၉)ကြိမ် မြောက်တောင်အာရှ ဥတုရာသီပြောင်းလဲမှု ဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ
 


(SASCOF-9) နှင့် Climate Service User Forum for Agriculture(CSUF-Ag2) စိုက်ပျိုးရေးကဏ္ဍအတွက် ရာသီဥတု ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Royal ACE ဟိုတယ်၌ ကျင်းပရာ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အဖွင့် အမှာစကားပြောကြားသည်။
ယနေ့ ဆွေးနွေးတွင် RIMES မှ ကျွမ်းကျင်ပညာရှင် Dr. Govindarajalu Srinivasan နှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက် ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်(WMO)၏ World Climate Application and Services Division (WCAS) အကြီးအကဲ Dr Rupa Kumar Kolli တို့က တက်ရောက်အမှာစကားပြောကြားကြပြီး ဆွစ်ဇာလန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ သြစတေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မိုးလေ၀သ ခန့်မှန်းရေး အရာရှိများ၊ စိုက်ပျိုးရေးဦး စီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
တောင်အာရှဒေသအတွင်း SASCOF အဖွဲ့ဝင်နိုင်ငံများမှ မိုးလေ၀သနှင့်ဇလဗေဒဌာနများ အပါအ၀င် ဒေသတွင်းအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်းသူများစုပေါင်း၍ ၂၀၁၆ ခုနှစ် ဆောင်းမုတ်သုံကာလအတွက် ရာသီဥတုအလားအလာခန့်မှန်းချက်များကို အများပြည်သူများ နားလည် သိရှိစေရန် ထုတ်ပြန်နိုင်ရန်နှင့် ရာသီဥတုခန့်မှန်းချက်များ ထုတ်ပြန်ချက်များ ပြုလုပ်သည့် မိုးလေ၀သဌာနများ၊ အဖွဲ့အစည်းများ၊ စိုက်ပျိုးရေး ဌာနများမှ ကျွမ်းကျင်သူများ စုပေါင်းဆွေးနွေးနိုင်ရန် ကျင်းပခြင်းဖြစ်သည်။
အယ်လ်နီညိုပြီးနောက် လာနီညာလာတတ်သော်လည်း ယခုလာနီညာဖြစ်စဉ်မှာ အားပျော့သည့် လာနီညာသာ ဖြစ်နိုင်ကြောင်း၊ ဆောင်းရာသီမုတ်သုံလေကို စောင့်ကြည့်လျက်ရှိရာ မြန်မာပြည် အလယ်ပိုင်းမုတ်သုံမှာ ဆုတ်ခွာသွားပြီဖြစ်ပြီး၊ ကမ်းရိုးတမ်းအပါအ၀င် တစ်ပြည်လုံး အတိုင်းအတာဖြင့် အောက်တိုဘာ(၁၀)ရက် အတွင်းဆုတ်ခွာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဟာရင်နိုင်တီယမ်း ကပြောကြားသည်။
ယခုဖိုရမ်မှ ရာသီဥတုခန့်မှန်းထုတ်ပြန်မှုသည် စိုက်ပျိုးရေးအတွက် အရေးကြီးသဖြင့် တောင်သူ လယ်သမားများနှင့် ရေအရင်းအမြစ်အသုံးပြုသူများအတွက် အကျိုးရှိသော ရလဒ်များကို ဆွေးနွေးထုတ်ပြန် ပေးသွားမည်ဟု သိရသည်။
မိုးလေ၀သဌာနများမှ ရာသီဥတုနှင့်မိုးလေ၀သခန့်မှန်းသတင်းများကို စိုက်ပျိုးရေးကဏ္ဍမှ တောင်သူလယ် သမားများက အမဲနားစွင့်ကာ အသုံးချရန်လိုအပ်ကြောင်း Mr Rupa Kumar Kolli က ပြောကြားသည်။

No comments:

Post a Comment