Tuesday, September 27, 2016

အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်  စက်တင်ဘာ ၂၇
နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ပြီး ၂နှစ်အတွင်း ပျက်စီးမှု ရှိပါက တင်ဒါအောင်မြင် သူမှ ပြန်လည်ပြုပြင်ပေးရ မည်ဖြစ်ပြီး သတ်မှတ်ထားသည့်  လုပ်ငန်းပြီးစီးရက်ထက် ကျော်လွန်ပါကလည်း လုပ်ငန်းအပေါ် လိုက်၍ ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင် က ပြောကြားသည်။     

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၃၉ ရက်မြောက်နေ့တွင် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ “နိုင်ငံတော်အစိုးရသစ် အနေဖြင့် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဖြစ်သော လမ်း၊ တံတားများနှင့် ကျောင်း၊ ဆေးရုံ၊ ဈေးစသည့် အဆောက်အအုံများကို ဆောက်လုပ်ခွင့် ရရှိသော ကုမ္ပဏီများအား စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ စောင့်ကြည့်အကဲဖြတ် ခြင်းနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့် မကိုက်ညီပါက အရေးယူခြင်းများကို လုပ်ဆောင် သွားရန်အစီအစဉ်ရှိ/မရှိ”  မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ “ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံး ရမည့် လုပ်ငန်းလမ်းညွှန်ချက်များ” အတိုင်း ဆောင်ရွက်ရန် မူဘောင်သတ်မှတ်ချထား ပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများမှ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီမှုမရှိခြင်းကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်လာပါက ပြည်ထောင်စု အဆင့် ၀န်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာကြီးကြပ်မှု ကော်မတီမှ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ဖြေကြားသည်။
ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၏ “ကယားပြည်နယ် ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသော မိုင်းထမ်း-၀မ်ချယ်-နန့်နောက်-ချိကွဲ့-စောင်းလော့-၀မ်အောင်း လမ်းတွင် ကျန်ရှိနေသော လမ်းပိုင်း ၉ မိုင်နှင့် ၃ ဒသမ ၅ ဖာလုံအား ကျောက်ချောလမ်းအဖြစ် ဆက်လက် ဆောက် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ကယားပြည်နယ်အတွင်းရှိ မိုင်းထမ်း-၀မ်ချယ်-နန့်နောက်-ချိကွဲ့-စောင်းလော့-၀မ်အောင်း လမ်း၏ ကျန်ရှိသော တစ်ကြောင်းထိုးမြေလမ်းအပိုင်း ၉မိုင်နှင့် ၃ ဒသမ ၅ ဖာလုံအား လမ်းတာဘောင်အကျယ် ပေ ၃၀ ချဲ့ခြင်း၊ ပေ ၅၀ အောက် သံကူကွန်ကရစ်တံတား ၅ စင်း တည်ဆောက်ခြင်း၊ ကျောက်စီကမ်းကပ်ခုံနှင့် သစ်သားကြမ်းခင်းတံတား ၁၁ စင်း တည်ဆောက်ခြင်း၊ ရေကျော် ၆ စင်း တည်ဆောက်ခြင်း၊ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး         မြေလမ်း  ၉ မိုင် ၃ ဒသမ ၅ ဖာလုံ အား ကျောက်လမ်းအဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးက ဥပဒေဆိုသည်မှာ တရားမျှတမှုနှင့် တန်းတူအခွင့်အရေးညီမျှမှုရှိခြင်းဆိုသည့် လောကပါလတရား နှင့်ကိုက်ညီစေရန် အဆင့်အတန်းညီမျှရေး၊ အခွင့်အလမ်းညီမျှရေးနှင့် တရားဥပဒေ ရှေ့မှောက်တွင် ညီမျှရေးဆိုသည့် မွန်မြတ်ရှင်းလင်းသည့် အခြေခံသဘောတရားများ ပြည့်စုံရမည်ဖြစ်ပါကြောင်း၊ ဤဥပဒေသည် ပြည်သူများနှင့် တိုက်ရိုက်ပတ်သက် နေသည့်အပြင် ပြည်သူ့ကိုယ်စားပြုဥပဒေ၊ ပြည်သူ့ဘ၀ဥပဒေ၊ ပြည်သူ့ဆန္ဒဥပဒေဖြစ် သည့်အတွက် ဥပဒေပြုရေးတာဝန်ရှိကြသည့် ပြည်သူ့ကိုယ်စားလှယ်များသည် အထူး ဂရုပြုပြီး စဉ်းစားဝေဖန်ပြဌာန်းပေးကြရန် အထူးလိုအပ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတင်အောင်မိုးက ယခုကာလတွင် နိုင်ငံ တော်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နိုင်ငံတ ကာတွင် ခြိမ်းခြောက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၊ လူကုန်ကူးမှုပြဿနာ များနှင့် လှေစီးဒုက္ခသည်များအရေး ကြိုတင်မျှော်တွေးပြီး လုံခြုံရေးရှုထောင့်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း လာရောက်တည်းခိုနေထိုင်သူများ အနေဖြင့်  ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အသိပေးရန်လိုအပ်ပါကြောင်း။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသည် အုပ်ချုပ်ရေးလုပ် ငန်းများဆောင်ရွက်ရာတွင် အခြေခံကျသောဥပဒေဖြစ်ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်ရန် ယခုထက်မက ဖြည့်သွင်းရေးဆွဲသင့်ပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ယခင်က ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ရွေးချယ်ခန့်အပ်ခဲ့ပါကြောင်း၊ ယခုဥပဒေသည် အဆိုပါဦးစီးဌာန၏ လုပ်ပိုင်ခွင့် ကိုလျှော့ချပြီး ပြည်သူကိုဗဟိုပြုသည့် စနစ်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူး များကို ပြည်သူများက ရွေးချယ်နိုင်ပြီဖြစ်ပါကြောင်း။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောထားကွဲလွဲ လျက်ရှိသည့် အိမ်ထောင်စုကိုယ်စားလှယ် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပညာအရည်အချင်းသတ်မှတ်ချက်၊ ဖွဲ့စည်းမှု၊ ရွေးချယ်ခန့်အပ်ခြင်းနှင့် ဧည့်စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက် ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောက မိမိတို့ ပြဋ္ဌာန်းအတည်ပြု ပေးလိုက်သည့် ဥပဒေတစ်ရပ်သည် ကိုင်တွယ်ကျင့်သုံးမည့် အဖွဲ့အစည်းနှင့် ပြည်သူလူထုအတွက် မျှတမှုရှိစေရန် လိုအပ်ပါကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်တွင် တာဝန်ထမ်းဆောင်နေသည့် မိမိတို့ ကိုယ်စား လှယ်များသည် တစ်ချိန်ချိန်တွင် သာမန်ပြည်သူတစ်ယောက် ဖြစ်လာမည်ဖြစ်သကဲ့သို့ တစ်ခါတရံတွင် လည်း အုပ်ချုပ်ရေးမဏ္ဍိုင်တွင် တာဝန်ထမ်းဆောင်ရသည့်အခါမျိုးလည်း ရှိကောင်းရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေတစ်ရပ်သည် အဘက်ဘက်က ရေရှည်မျှတ အကျိုးရှိ စေမည့် ပြဋ္ဌာန်းချက်မျိုးဖြစ်ရန် အထူးအလေးထားသင့်ပါကြောင်း ဆွေးနွေးသည်။
လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်ကို ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့သည်။

No comments:

Post a Comment