Friday, September 16, 2016

ဘရာဇီး-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ရှုထောင့်သစ် အခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းသည် ဘရာဇီးနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထောက်ပံ့ရေး ၀န်ကြီးဌာန ၀န်ကြီး H.E Mr. Blairo Maggi နှင့်အတူ စက်တင်ဘာ ၁၅ ရက်  နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသည့် ဘရာဇီး-မြန်မာစီးပွားရေး ဆိုင်ရာဆွေးနွေးပွဲ၊ စိုက်ပျိုးရေး ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ရှုထောင့်သစ် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယ၀န်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင် ဘရာဇီးနိုင်ငံမှ နည်းပညာများသာမက ရင်းနှီးမြှုပ်နှံမှုများပါ တိုးတက်ဆောင်ရွက်ရေး ဆိုင်ရာများ၊ အစိုးရအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်းတို့ နီးနီးကပ်ကပ် ဆောင်ရွက်နိုင်ကြခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ပူးပေါင်း ဆောင်ရွက်မှုအရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ် များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဘရာဇီးနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေနှင့်ထောက်ပံ့ရေး ၀န်ကြီးဌာန ၀န်ကြီး H.E Mr.Blairo Maggi က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးမည့် အစီအစဉ်များ၊ ဘရာဇီးနိုင်ငံမှ ပဲပုပ်၊ ကော်ဖီနှင့် အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးရေး၊ ကြက်နှင့် အသားစားနွား မွေးမြူရေးဆိုင်ရာ နည်းပညာများ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာ ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယ၀န်ကြီးနှင့် ဘရာဇီးနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ၀န်ကြီးတို့က တက်ရောက်လာကြသော သတင်းမီဒီယာများ၏ ဆွေးနွေးမေးမြန်းချက်များကို ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment