Friday, September 16, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧည့်ခံပွဲနှင့် စားပွဲဝိုင်းဆွေးနွေးပွဲများသို့တက်ရောက်

ဝါရှင်တန် စက်တင်ဘာ ၁၆
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် (၉) နာရီခွဲတွင် ၀ါရှင်တန်မြို့ရှိ U.S Capitol ၌ အမေရိကန် အောက်လွှတ်တော် အမတ် Minority Leader Rep. Nancy Pelosi နှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်အောင်မြင်မှု ရရှိစေရေးအတွက် အမေရိကန် လွှတ်တော် မှ ပံ့ပိုးကူညီပေးသွားနိုင်မည့် အခြေအနေများကို  ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမေရိကန် အထက်လွှတ် တော်အမတ် Majority Leader Senator Mitch McConnell နှင့် Senator Harry Reid တို့ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ၊ မြန်မာ- အမေရိကန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ၊ တရားမ၀င် ကူးသန်းရောင်းဝယ်မှုများ ပပျောက်စေရေးအတွက် လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးအပ်မည့် ကိစ္စများ အပေါ်  ဆွေးနွေးကြသည်။ 
အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်  ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ၀ါရှင်တန်မြို့ရှိ U.S Capitol ၌ National Democratic Institute (NDI) , International Repubican Institute (IRI) နှင့် House Democarcy Partnership တို့က ကျင်းပသည့်  Close Door VIP Brunch သို့ တက်ရောက်ပြီး အမှာစကား ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် Roosevelt Senior High School သို့ သွားရောက်၍ အထက်တန်းအဆင့် ကျောင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ခေတ္တတည်းခိုနေထိုင်ရာ Blair House ၌ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Ms. Penny Pritzker နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အလားအလာ များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် Four Seasons ဟိုတယ်၌ US Chamber of Commerce နှင့် US – ASEAN Business Council တို့က ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ၎င်းတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် ၍ မိန့်ခွန်းပြောကြားသည်။ 

No comments:

Post a Comment