Friday, September 16, 2016

ပဉ္စမအကြိမ် နိုင်ငံရေးဆွေးနွေးမူ့ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများစတင်နိုင်ရန်အတွက် မူဘောင်ရေးဆွဲရေးနှင့် ပြင်ဆင်မှုများပြုလုပ်

ရန်ကုန် စက်တင်ဘာ ၁၆
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက်ပဉ္စမအကြိမ် နိုင်ငံရေးဆွေးနွေးမူ့ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် ကိုးနာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “ ဖေဖော်ဝါရီလမှာကျင်းပမဲ့ ဒုတိယ အစည်းအဝေး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု မတိုင်ခင်မှာ အမျိုးသား နိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေကို အားလုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယအကြိမ် အစည်းအဝေးကျရင် ပထမအကြိမ်ထက် ပိုတဲ့ဆုံးဖြတ်ချက်တွေ ချမယ်။ ဒီအခါမှာ ပိုပြီးအရေးကြီးပြီး ပထမအကြိမ်ထက် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက ပိုများလာပါမယ်။  မူဘောင်ထဲက နေဆိုင်တဲ့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အောက်တိုဘာလမှာ စတင်ဆွေးနွေး နိုင်မယ်လို့  မျှော်လင့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီက ညီနောင်တွေနဲ့ ရှေ့ဆက်ပြီး ရည်မှန်းချက်ဖြစ်တဲ့  ငြိမ်းချမ်းရေးပန်းတိုင်ကို သွားကြမယ်ဆိုပြီး အခုလို ၀ိုင်းဝန်းဆွေးနွေးကြပြီး တကယ့်ကိုအရေးကြီးတဲ့ နောက်တစ်ဆင့် ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှု အတွက် မူဘောင် တွေကို ချမှတ်နိုင်ဖို့ အားလုံးဝိုင်းဝန်းဆွေးနွေးပေး ကြပါ” ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား UPDJC အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “နိုင်ငံတော် အစိုးရသစ်တာဝန်ယူပြီးတဲ့ နောက်မှာနိုင်ငံရေးဆွေးနွေးမှုမှာ အားလုံး ပါဝင်ရေးဆိုတဲ့ မူကိုအခြေခံ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ဖို့အတွက် နည်းလမ်းတွေ ချမှတ်ခဲ့ပါတယ်။ ညီလာခံပြီးရင် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်။ နောက်ခြောက်လအကြာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ထပ်မံ ကျင်းပမယ်။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို စတင်လိုက်ခြင်းအားဖြင့် ပြည်သူလူထုပါဝင်မှုဆိုတဲ့ အားလုံးပါဝင် လာတဲ့သဘော လက်တွေ့ဖြစ်လာမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အသံ အမြင်သဘောထား၊ တိုင်းရင်းသား တွေရဲ့ အသံသဘောထားတွေရရှိရင် သူတို့ရဲ့ အမြင်သဘောထား တွေကလည်း ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။ ပထမအဆင့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကိုစတင်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့ ပြဌာန်းချက်တွေကို ဆုံးဖြတ်ပြီး သဘောထား ရယူမှာဖြစ်ပါတယ်။ ဒါကြောင့်ဆွေးနွေးတဲ့ နေရာမှာ လက်တွေ့ကျပြီး တကယ့် ပကတိအနေအထားနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးဆွေးနွေးမူဘောင် ကိုအခြေခံပြီး လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေးမှာဖြစ်တဲ့အတွက် စနစ်ကျတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆွေးနွေးနိုင်မှာဖြစ်ပါတယ်” ဟုပြောသည်။
ဆက်လက်၍ နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC ဒုတိယဥက္ကဦးသုဝေက “ငြိမ်းချမ်းရေးညိလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ဖို့အတွက် မူဘောင်ကို ပြန်လည်သုံးသပ်ပြီး ကျွန်တော်တို့ ဆွေးနွေးကြ မှာဖြစ်ပါတယ်။ ဒီကိစ္စဟာ တိုင်ပြည်အတွက် အန်မတန် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဟာ ငြိမ်းချမ်းရေးရဖို့အတွက်ပါ။ ငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီထွန်းကားရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးဖြစ်တာကြောင့် သိပ်အရေး ကြီးပါတယ်။ ဒီမိုကရေစီကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းဖို့လည်း အများကြီးလိုပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်တဲ့ နေရာမှာလည်းပဲ နိုင်ငံရဲ့အတိတ်သမိုင်းကို သိဖို့လိုသလို လက်ရှိအခြေအနေကိုလည်း မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်သုံးသပ်ချက်အဖြစ် NCA စာချုပ်ပါ အခန်း လေး အားပြန်လည်သုံးသပ်ဆွေးနွေး၍ သဘောတူညီရရှိခဲ့ပြီး အခန်းငါးတွင် ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက် များကိုလည်း ဆွေးနွေး၍ အများစုကို သဘောတူညီချက် ရရှိခဲ့ကြောင်းသိရသည်။
UPDJC ၏အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆြာခေါင်းက “အားလုံးပြန်ပြီး သုံးသပ်ဆွေးနွေးတဲ့နေရာမှာ အခန်း လေး ကို ပြန်ပြီးတော့ ဆွေးနွေးပြီးသဘောတူပါတယ်။ အခန်းငါးမှာပါတဲ့ အကြောင်းအရာတွေက အားလုံးနီးပါး ဆွေးနွေးပြီး သဘောတူထားပါတယ်။ နောက်ထပ် ထပ်ပြီး ထည့်သွင်း ဆွေးနွေးချင်တဲ့ အရာတွေကို ဘယ်ပုံစံနဲ့ ဆွေးနွေးမယ်ဆိုတဲ့ အသေးစိတ် ဆုံးဖြတ်ချက် လေး၊ ငါးခုကိုလည်း ပြန်ပြီးတော့ ချမှတ်နိုင်တယ်။ အောင်မြင်မှုရှိတဲ့ ဆွေးနွေးပွဲလို့ပြောချင်တယ်။ မနက်ဖန်မှာကျွန်တော်တို့ ဆက်လက်ဆွေးနွေးမယ်။ အဲ့ဒီမှာတော့ အမျိုးသား နိုင်ငံရေး အဆင့် ဘယ်ပုံစံနဲ့ ဆွေးနွေးမလဲဆိုတဲ့ ကိစ္စဆွေးနွေးမှာဖြစ်တယ်” ဟု အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရဘက်တွင် ဒေါတ်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေ၊  ဗိုလ်မှူးချုပ်စိန်ထွန်းလှ၊ နိုင်ငံရေးပါတီဘက်တွင် စိုင်းကျော်ညွန့်၊ တာလှဖေ၊ ဦးကျော်ဇေယျာဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်တွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆြာခေါင်း၊ ရဲဘော်မျိုးဝင်း၊ ဦးခွန်မြင့်ထွန်း တို့ပါဝင်သည့် ကိုဦးပါ  အလုပ်အဖွဲ့တစ်ခုဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးနှင့်ပတ်သက်၍ ညီညွတ်သော တိုင်ရင်းသား လူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) က  ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (Delegation for Political Negotiation – DPN) မတက်ရောက်ခဲ့သည့်အပေါ် ဒေါက်တာတင်မျိုးဝင်းက “ကျွန်တော်တို့က Framework Review မှာသူတို့တင်ပြတဲ့ အချက်တွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာဆွေးနွေးမယ်။ ၁၆၊ ၁၇ မှာ မူဘောင်သုံးသပ်မယ်လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုလည်း တင်ပြပြီးခွင့်ပြုချက်ကို ကျွန်တော်တို့ တောင်းခံ ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီ ပြန်ကြားလာတာက သူတို့ရဲ့ ဆွေးနွေးချက်က မပြီးပျက်သေးလို့ ၁၅ ရက်နေ့မှာ မလာနိုင်ခဲ့ပါဘူး” အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆြာခေါင်းက နိုင်ငံရေးဆွေးနွေးပွဲများစတင်ကျင်းပရန်အတွက် “သမ္မတဦးသိန်စိန်လက်ထက်မှာ သူ့ကို နှုတ်ဆက်တဲ့အနေနဲ့ ကျွန်တော်တို့ ညီလာခံ တစ်ခုလုပ်တယ်။ ဘာမှ မဆွေးနွေးလိုက်ရဘူး။ အခု အစိုးရသစ် တက်လာတော့ သူ့ကို ကြိုဆိုတဲ့အနေနဲ့ ကျွန်တော်တို့ ညီလာခံတစ်ခုလုပ်တယ်။ ဘာမှ မဆွေးနွေးနိုင်ဘူး။ အခု ဖေဖော်ဝါရီ မှာ လုပ်မယ့် လာမယ့် ညီလာခံမှာတော့ ကျွန်တော်တို့ သေသေချာချာ ပြင်ပြီးတော့ ဆွေးနွေးချင်တယ်။ အဲ့ဒီလိုဆွေးနွေး မယ်ဆိုရင်လဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေသအလိုက်၊ အကြောင်းအရာအလိုက်၊ လူမျိုးအလိုက် ဆွေးနွေးပွဲတွေ ကျွန်တော်တို့မလုပ်လို့မရဘူး။ ဒါကိုလုပ်ဖို့ ကျွန်တော်တို့ အနည်းဆုံး သုံးလလောက် အချိန်ယူရမယ်။ နှစ်ပေါင်း ခြောက်ဆယ် မှာမှ ဒီတစ်ခါသာ ရလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကို လက်လွှတ်သွား ရမှာ စိုးရိမ်တယ်။ အရင်လို ကြိုဆိုပွဲတွေ၊ နှုတ်ဆက်ပွဲတွေ မဟုတ်တော့ဘူး။ တကယ့်နိုင်ငံရေးတိုက်ပွဲ လုပ်တော့မယ်ဆိုရင် NCA စာချုပ်မှာပါတဲ့ အခြေအနေအရကော၊ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ မူဘောင်အရကော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ဆွေးနွေးချက်တွေကို စုစည်းဖို့လိုတယ်” ဟုပြောသည်။

ယနေ့ပြုလုပ်သည့် ပဉ္စမအကြိမ် နိုင်ငံရေးဆွေးနွေးမူ့ဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးအစိုးရ ကိုယ်စားလှယ် ၁၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် ၁၆ ဦးနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့သည်။ 

No comments:

Post a Comment