Tuesday, September 6, 2016

ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲကျင်းပမည်

ရန်ကုန် စက်တင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ “ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲ နှင့် ဆောင်းရာသီစာအုပ် ဈေးရောင်းပွဲတော်” ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၁၊၂၊၃၊၄) ရက်တို့တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စုပေါင်းခန်းမ ၌ ကျင်းပမည်ဖြစ်သည်။

စာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြားလိုသူများသည် “ ၁၉၄၈ ခုနှစ်မှ မျက်မှောက် ကာလအထိ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေးစသည့် ကဏ္ဍအလိုက်)များ “ကို အောက်ခြေမှတ်စု၊ ကျမ်းကိုးစာရင်း စသည်တို့ ပြည့်စုံစွာဖော်ပြပြီး စာတမ်းအင်္ဂါရပ်နှင့်အညီ ရေးသားပြုစု၍ စာတည်းမှူးချုပ်၊ စာပေဗိမာန်၊ အမှတ် ၅၂၉ -၅၃၁ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့် ရန်ကုန်မြို့သို့ လိပ်မူပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။
စာတမ်းများပေးပို့ရာတွင် ကိုယ်ရေးအကျဉ်းနှစ်စုံ (ဓာတ်ပုံကပ်လျက်) ဆက်သွယ် ရန်လိပ်စာအပြည့်အစုံ(ဖုန်းနံပါတ် အပါအဝင်) စာတမ်း(မူရင်း)တစ်စုံ (A4  တွင် မျက်နှာတစ်ဖက်တည်း၌ Page Maker  -Win -Innwa (Size 15) ဖြင့် ရိုက်ထားသော စာမျက်နှာအများဆုံး ၃၀ သာပါရှိရမည်)၊ စာတမ်း Soft Copy တစ်စုံနှင့်အတူ ပေးပို့ကြရမည် ဖြစ်သည်။

ရောက်ရှိလာသော စာတမ်းများကို စာတမ်းစိစစ်ရွေးချယ်ရေးဆပ်ကော်မတီက စနစ်တကျရွေးချယ်ပြီး သဘာပတိအဖွဲ့သို့ ဆက်လက်တင်ပြ၍ သဘာပတိအဖွဲ့က အကောင်းဆုံးစာတမ်းများကို အတည်ပြုရွေးချယ်မည်ဖြစ်သည်။ သတ်မှတ်ရက် ထက် နောက်ကျရောက်လာသော စာတမ်းများ၊ စာတမ်းအင်္ဂါရပ်နှင့်မညီညွတ်သော စာတမ်းများ၊ လမ်းညွှန်ချက်နှင့် အညီ မပေးပို့သော စာတမ်းများကို စဉ်းစားမည်မဟုတ်ကြောင်း၊ အဘယ့်ကြောင့် မရွေးချယ်ရသည်ကို ဖြေကြားရှင်းလင်း မည်မဟုတ်ကြောင်း စာတမ်း ဖတ်ပွဲဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ရွေးချယ်ခံရသော စာတမ်းရှင်များသည် စာတမ်းဖတ်ပွဲတွင် တက်ရောက်ဖတ်ကြားနိုင်ရန် အချိန်မီ အကြောင်းကြား မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၃၈၁၄၄၉၊ ၀၁-၃၇၄၅၃၂ တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment