Tuesday, September 6, 2016

ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ခေတ်ပြိုင် သမိုင်းဆိုင်ရာစာပေ စာတမ်း ဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ် ဈေးရောင်း ပွဲတော်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၊ ၂၊ ၃၊ ၄) ရက်တို့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြား လိုသူများသည် ၁၉၄၈ခုနှစ်မှ မျက်မှောက်ကာလအထိ ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအလိုက်)များကို အောက်ခြေမှတ်စု၊ ကျမ်းကိုးစာရင်းစသည်တို့ ပြည့်စုံစွာ ဖော်ပြပြီး စာတမ်း အင်္ဂါရပ်နှင့်အညီ ရေးသားပြုစု၍ စာတည်းမှူးချုပ်၊ စာပေဗိမာန်၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းနှင့် ၃၇ လမ်းထောင့်၊ ရန်ကုန်မြို့သို့ လိပ်မူပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်၊ ညနေ (၄း၃၀) နာရီ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။ 

စာတမ်းများပေးပို့ရာတွင် ကိုယ်ရေးအကျဉ်းနှစ်စုံ (ဓာတ်ပုံကပ်လျက်)၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဖုန်းနံပါတ် အပါအဝင်)၊ စာတမ်း(မူရင်း)တစ်စုံ (A4 တွင် မျက်နှာတစ်ဖက်တည်း၌  PageMaker   တွင် Win -Innwa  (Size 15) ဖြင့် ရိုက်ထားသော စာမျက်နှာအများဆုံး ၃၀ သာပါရှိရမည်)၊ စာတမ်း Soft Copy တစ်စုံနှင့်အတူ ပေးပို့ကြရမည်ဖြစ်သည်။
ရောက်ရှိလာသော စာတမ်းများကို စာတမ်းစိစစ်ရွေးချယ်ရေးဆပ်ကော်မတီက စနစ်တကျ ရွေးချယ်ပြီး သဘာပတိ အဖွဲ့သို့ ဆက်လက်တင်ပြ၍ သဘာပတိအဖွဲ့က အကောင်းဆုံး စာတမ်းများကို  အတည်ပြု ရွေးချယ် မည်ဖြစ်သည်။ သတ်မှတ်ရက်ထက် နောက်ကျရောက်လာသောစာတမ်းများ၊ စာတမ်း အင်္ဂါရပ်နှင့် မညီညွတ်သော စာတမ်းများ၊ လမ်းညွှန်ချက်နှင့်အညီ မပေးပို့သော စာတမ်းများကို စဉ်းစား မည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့် မရွေးချယ်ရသည့်ကို  ဖြေကြားရှင်းလင်းမည်မဟုတ်ကြောင်း စာတမ်း ဖတ်ပွဲဖြစ်မြောက်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။ ရွေးချယ်ခံရသော စာတမ်းရှင် များသည် စာတမ်း ဖတ်ပွဲတွင် တက်ရောက်ဖတ်ကြားနိုင်ရန် အချိန်မီအကြောင်းကြားမည်ဖြစ်ပြီး အသေး စိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၃၈၁၄၄၉၊ ၀၁-၃၇၄၅၃၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment