Tuesday, September 6, 2016

ရခိုင်ပြည်နယ်အရေးသည် အလွန်အရေးကြီးသည့်အတွက် ဝိုင်းဝန်းအဖြေထုတ်ရမည်ဖြစ်


ရန်ကုန် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်တို့ တက်ရောက်၍ အမှာစကား များ ပြောကြားကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးကိစ္စသည် မိမိတို့အားလုံးအတွက် အရေးအကြီးဆုံး ကိစ္စရပ်တစ်ခု ဖြစ်နေပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက်လည်း  ရခိုင်ပြည်နယ် အရေးသည် အလွန်အရေးကြီးသည့်အတွက် မိမိတို့အားလုံး ဝိုင်းဝန်းပြီး အဖြေထုတ်ရမည်ဖြစ်ပါကြောင်း၊ မစ္စတာ ကိုဖီအာနန်အပါအဝင် အားလုံးသော အဖွဲ့ဝင်များက လည်း အဖြေထုတ်သည့်နေရာတွင် နည်းလမ်းများ ရှာဖွေပေး နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် မစ္စတာ ကိုဖီအာနန်က မြန်မာနိုင်ငံ၏ပြုပြင် ပြောင်းလဲရေးကာလတွင် မိမိအနေဖြင့် ယခုကဲ့သို့ ပါဝင်ခွင့်ရ သည်ကို ဝမ်းမြောက်ပါကြောင်း၊ အနာဂတ်မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမည့် အကြံပြုချက်များကိုလည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ နည်းလမ်းကောင်း များရရှိရေးအတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းဩဂုတ် ၂၄ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အကြံပေးကော်မရှင်တွင် ဘက်လိုက်မှုကင်းသည့်၊ လူ အများလေးစားသည့်၊ အတွေ့အကြုံရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံသားပုဂ္ဂိုလ် ခြောက်ဦး၊ နိုင်ငံ တကာမှပုဂ္ဂိုလ်သုံးဦး စုစုပေါင်းအဖွဲ့ဝင် ကိုးဦးပါဝင်ပြီး အဆိုပါ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည် ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာ ကိုဖီအာနန်က ဆောင်ရွက်မည်ဖြစ်သည်။


No comments:

Post a Comment