Monday, September 12, 2016

တိုးပွားလာမယ့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးမြှင့်စောင့်ရှောက်ရန်လိုအပ်

နေပြည်တော် စက်တင်ဘာ ၁၂

သက်ကြီးရွယ်အိုများရဲ့ ဘ၀လုံခြုံ စိတ်ချစေရေးအတွက်  ၀န်ကြီးဌာနက ဦးဆောင် ရေးဆွဲဆောင် ရွက်လျက်ရှိသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်က အတည်ပြုပြဌာန်းပြီး နောက် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် သက်ကြီးရွယ်အို စီမံကိန်း(၂၀၁၄-၂၀၂၃)ပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ သက်ကြီးရွယ်အို မူဝါဒရေးဆွဲရေးဆိုင်ရာ  အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်း ပြောကြားသည်။


ဆက်လက်၍ မိမိတို့နိုင်ငံသည် အခြားသော  အရှေ့တောင်အာရှ နိုင်ငံများနည်းတူ သက်ကြီးရွယ် အိုတိုးတက်မှုနှုန်းမှာ  အလျင်အမြန် ပြောင်းလဲလျက်ရှိပြီး ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံ၏ စုစုပေါင်း လူဦးရေ သန်း(၅၀)ကျော်တွင် (၄ ဒသမ ၅)သန်း၊ (၈ ဒသမ ၉)ရာခိုင်နှုန်းဟာ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ အနာဂတ်မှာ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ အတွက် လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများကို တိုးမြှင့် စောင့်ရှောက်နိုင်ရေးလိုအပ်မည် ဖြစ်ပါကြောင်း။

နှစ်စဉ်တိုးတက် မြင့်မားလာသော သက်ကြီးရွယ်အိုများအတွက် ရိပ်သာအခြေပြု စောင့်ရှောက်မှု လုပ်ငန်းနှင့် လုံလောက်မှု မရှိသည့်အတွက် ၂၀၀၄ခုနှစ်မှ စတင်၍ စေတနာ့ ၀န်ထမ်းအခြေပြု အိမ်တိုင်ရာ ရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ခုနှစ်က ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ နိုင်ငံတကာ စောင့်ရှောက် မှုနည်းလမ်းသစ် တစ်ခုကို စတင်ဆောင်ရွက် နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့ သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်မှု လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း။


သက်ကြီး ရွယ်အိုများကို လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် စနစ်တကျ စောင့်ရှောက်မှုပေးနိုင် ရန်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အထောက်အကူပြုနိုင်ရန် သက်ကြီးရွယ်အို  ပြုစုစောင့်ရှောက်သူ(Care Giver)သင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိကြောင်း၊ သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေ(မူကြမ်း)ကို အတည်ပြုပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် အစိုးရသစ်၏ ရက်(၁၀၀) စီမံ ချက်တွင်လည်း အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ စာရင်းကောက်ယူခဲ့ပြီး နိုင်ငံတော်    ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့မှုများ ပေးနိုင်ခဲ့ပါကြောင်း၊ ယခုထက်ပိုမို ထောက်ပံ့ ပေးနိုင်ရေးအတွက် လည်း  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြု ထားရှိပြီးဖြစ်သည့်   အမျိုးသားအဆင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစီမံကိန်းပါ   လုပ်ငန်း(၁၀)ခုကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန် အလို့ငှာ သက်ကြီးရွယ်အို ဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွန်းလာစေရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါကြောင်း သတင်းရရှိသည်။

No comments:

Post a Comment