Monday, September 12, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ အောက် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ


ဟီသရိုး(လန်ဒန်) စက်တင်ဘာ ၁၂
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. John Bercow နှင့် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Palace of Westminster ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၀ နာရီ ၄၅ မိနစ်တွင် Royal College of Defence Studies (RCDS) သို့ သွားရောက်လေ့လာကြရာ Commander of Joint Forces Command General Sir Christopher Deverell နှင့် ကျောင်းအုပ်ကြီး Sir Tom Phillips တို့က လိုက်လံရှင်းလင်းပြသကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် RCDS တွင် ပညာသင်ကြားလျက်ရှိ သည့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးအောင်မြင့်ဦးနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်၊ အထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင် ဦးမိုးဇော်ဦးတို့ အပါအဝင် ဗြိတိန်နှင့် နိုင်ငံတကာမှ သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘောရစ်ဂျွန်ဆင်က လန်ကတ်စတာ အိမ်တော်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။


နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း  နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် နိုင်မည့်နည်လမ်းများ၊ မြန်မာနိုင်ငံ၌ ဗြိတိန်နိုင်ငံမှ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှု  ပိုမိုပြုလုပ် နိုင်မည့် အခွင့်အလမ်းများနှင့် စိုက်ပျိုးရေး၊ ကျန်မာရေး၊ ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး  အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 

No comments:

Post a Comment