Wednesday, September 21, 2016

“နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား အမျိုးသားလွှတ်တော်က အတည်ပြု

နေပြည်တော် စက်တင်ဘာ ၂၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် “နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုခဲ့သည်။
“နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင်က လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သည့် ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြား၍ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား အတည်ပြုပေးရန် အဆိုတင်သွင်းသည့်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၏ “ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတွင် လက်ထောက်ဆရာဝန်များကို စတင်ခန့်ထားသည့်အခါ အထူးကုဆရာဝန်ကြီး များရှိသော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်သင်ကြားရေး ဆေးရုံကြီးများတွင် နေရာချထားပေး နိုင်ခြင်းရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလတွင် စတင်တာဝန် ထမ်းဆောင်မည့် လက်ထောက် ဆရာဝန် (၁၇၀၈) ဦးကို အထူးကုဆရာဝန်ကြီးများရှိသော သင်ကြားရေးဆေး ရုံကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ဆေးရုံကြီးများတွင် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ နေရာချထားမည်ဖြစ်ကြောင်း။
ထိုသို့ခန့်ထားရာတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများရှိ ဘာသာရပ်ဆိုင်ရာအထူးကု ဆေးရုံကြီးများတွင် တာဝန်ချထားခံရသည့်အခါ ဆေးကုသပညာ၊ ခွဲစိတ်ကု သမှုပညာ၊ သားဖွားနှင့် မီးယပ်ပညာ၊ ကလေးဆေး ကုသပညာစသည့် အဓိက ဆေးပ ညာဘာသာရပ်များကို စုံလင်စွာ တာဝန် ထမ်းဆောင်လေ့လာသင်ယူခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများက ဆေးရုံအချင်းချင်း အလှည့်ကျစနစ်ဖြင့် လဲလှယ်တာဝန်ချထားပေး မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေး၊ ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာလူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ဆေးဘက်နှီးနွှယ် တက္ကသိုလ်နှင့် သင်တန်းကျောင်းများ၌ တိုက်ရိုက်တာဝန်ချထားမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်သော အချိန်တိုသင်တန်းများကို ပို့ချသွားမည်ဖြစ်ပါကြောင်း။
အလုပ်သင်ဆရာဝန်များကို တစ်နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်စေပါက အခြေခံဆေးပညာ ၄ ဘာသာအပြင် မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုးနှင့် ထိခိုက်ဒဏ်ရာ၊ အရေးပေါ်ကျန်းမာရေးနှင့် အထူးကြပ်မတ် ကုသရေး၊ စိတ်ကျန်းမာ ရေးစသည့် များစွာသော ဘာသာရပ်တို့၏ အခြေခံကုသပုံ ကုသနည်းစနစ်များကို ပိုမို ကျွမ်းကျင်စေခြင်းဖြင့် အလုပ်သင်ဆရာဝန်များ တာဝန်ပြီးဆုံးပါက မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ယုံကြည်ချက်အပြည့်ဖြင့် တိုက်ရိုက်တာဝန် ထမ်းဆောင်နိုင် မည်ဖြစ် ပါကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း၏ “ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်သူ့ ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ၂၀၁၅ ခုနှစ် အတွင်း လပွတ္တာမြို့ပြည်သူ့ ဆေးရုံကြီးတွင် နေ့စဉ်ပျမ်းမျှ ပြင်ပလူနာ (၄၇)ဦး၊ အတွင်း လူနာ (၁၁၂)ဦး၊ ခွင့်ပြုခုတင်အရေအတွက်အရ ဆေးရုံခုတင် အသုံးချမှုနှုန်း (၅၅ ဒသမ ၇၅) ရာခိုင်နှုန်း၊ အသုံးချနိုင်သည့် ခုတင်အရေ အတွက်အရ ဆေးရုံ ခုတင်အသုံးချမှုနှုန်း (၅၆ ဒသမ ၈၈) ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရ ပါကြောင်း။
ပြည်သူ့ဆေးရုံများကို တည်ဆောက်ဖွင့်လှစ်ရာတွင် တစ်မြို့နယ်လျင် အနည်းဆုံး ဆေးရုံတစ်ရုံသာ ထားရှိဖွင့်လှစ်ပြီး ခရိုင်ပြည်သူ့ဆေးရုံရှိသော မြို့နယ်တွင်မူအရ မြို့နယ်ပြည်သူ့ဆေးရုံ ဖွင့်လှစ်ထားရှိရန် မဖြစ်နိုင်ခြင်း၊ မူလ(၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ကို ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ထားခြင်းတို့ကြောင့် မူလဆေး ရုံဟောင်းနေရာတွင် မြို့နယ်ပြည် သူ့ဆေးရုံအဖြစ် ပြန်လည်ဖွင့်လှစ်ထားရှိရန်မှာ မဖြစ် နိုင်ကြောင်းနှင့် ပြင်ပ လူနာကြည့်ရှုကုသမှုကို ယခုအတိုင်း ၂၄ နာရီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်လျက်ရှိသော အထူးကုသမားတော်ကြီး၊ မေ့ဆေး အထူးကုနှင့် အရိုးအထူးကု ဆရာဝန်ကြီးများကို အမြန်ဆုံးဖြည့်ဆည်း ပေးသွား မည်ဖြစ် ကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ “ချင်းပြည်နယ် မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံတွင် လူနာများ အား စမ်းသပ်၊ ခွဲစိတ်ပစ္စည်း ကိရိယာများ ပြည့်စုံစွာပံ့ပိုးပေးရန်နှင့် ကုသမှုဆိုင်ရာ သမားတော်ကြီးများကို တိုးချဲ့ခန့်ထားရန် အစီအစဉ်ရှိ/မရှိနှင့် လိုအပ်လျက်ရှိသည့် တိုင်းရင်းဆေးရုံနှင့် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဓာတ်မှန် ဆရာဝန်နှင့် ရောဂါဗေဒ ဆရာဝန်များ ခန့်ထားပေးရေးနှင့် ပတ်သက်၍ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးအနေဖြင့် အင်အားလွန်စွာ နည်းပါးနေ၍ ခန့်အပ်ပေး နိုင်ခြင်းမရှိပါကြောင်း၊ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို ပြည့်စုံစွာဖြည့်ဆည်းပြီး သော်လည်း လိုအပ်၍ မင်းတပ်ပြည်သူ့ဆေးရုံအုပ်မှ ချင်းပြည်နယ် ကုသရေးဦးစီးဌာနမှူး၏ ထောက်ခံချက်ဖြင့် တင်ပြ တောင်းခံလာပါက စိစစ်ပြီး အမြန်ဆုံးထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မင်းတပ်မြို့တွင် တိုင်းရင်းဆေးရုံဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်း၊ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်တို့ရှိ တိုင်းရင်းဆေး ကုဌာနများ၌ လိုအပ်လျက်ရှိသော ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ထည့် သွင်းတောင်း ခံပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ပလက်ဝမြို့နယ်၏ လူဦးရေသည် (၆၄၇၉၀) ဦးရှိသောကြောင့် ပလက်ဝမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနတစ်ခု ဖွင့်လှစ် နိုင်ရန်အတွက် လက်ရှိအခြေအနေတွင် မြေနေရာမရှိသော်လည်း ဆေးခန်းမြေနေရာ ခွင့်ပြုချက်ရရှိပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံအတည်ပြုချက်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအတည်ပြုချက်ရရှိပါက ရန်ပုံငွေ ထည့်သွင်း တောင်းခံ၍ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားသည်။

No comments:

Post a Comment