Monday, September 19, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ၂ ခု မေးမြန်းဖြေကြားကြပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်းသည့် ပြင်ဆင်ချက်အဆိုများကို ဆွေးနွေးကြသည်။

ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော် ၏ ၁၉၄၅ ခုနှစ်က ပြဌာန်းခဲ့သည့် ရဲအက်ဥပဒေအား ခေတ်နှင့်လျော်ညီသော ဥပဒေဖြစ်အောင် ပြုပြင်ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း ၏ အများပြည်သူနှင့် ယာဉ်များသွားလာနေသည့် လမ်းများပေါ်ရှိ အန္တရာယ်အကွေ့များတွင် လမ်းနှင့် ယာဉ်များအား ကွယ်နေသည့် အဆောက်အဦ၊ ဈေးဆိုင်နှင့် အပင်များကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ ၃၅ မှ ပုဒ်မ ၄၁ အထိ အကျုံး ၀င်သည့်  မြို့၊ ရပ်ကွက် ကျေးရွာများကို ပြည်ထဲရေးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၂၁ နှင့် ၄၂၂ တို့ဖြင့်ထုတ်ပြန် ကြေညာထားပြီး ရဲအက်ဥပဒေတွင် အာဏာမတည်သော မြို့၊ ကျေးရွာများ၏ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာတွင်လည်း ရာဇသတ်ကြီး ဥပဒေ၊ ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေများ၊ ဒေသန္တရဥပဒေများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ တစ်နိုင်ငံလုံးတွင် အာဏာတည်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက် တင်ပြတောင်းခံထားရှိပါကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဥပဒေ (မူကြမ်း) အသစ်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အတည်ပြုမပြဋ္ဌာန်းမီ ကာလအတွင်း ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ တစ်နိုင်ငံလုံး အာဏာတည်စေရေး အတွက် ၁၉၆၃ ခုနှစ် တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေအရ နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို စစ်ဆေး အရေးယူခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ စီမံခန့်ခွဲသည့်လမ်းများတွင် ယာဉ်နှင့်လမ်းအန္တရာယ်ကင်းဝေးစေရေး အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသနှင့်ကိုက်ညီအောင် စီမံရေး ဆွဲပြဋ္ဌာန်းထားသည့် စည်ပင်သာယာရေး ဥပဒေများနှင့် အညီသက်ဆိုင်ရာတပ်ဖွဲ့၊ ဦးစီးဌာနများနှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီများက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းမကြီးများဥပဒေ ပုဒ်မ (၇) ပုဒ်မခွဲ (က) အရ မည်သူမဆို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရရှိဘဲ လမ်းမကြီး၏ နယ်နမိတ်အတွင်း အဆောက်အဦ ဆောက်လုပ် ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ် ခံရမည် ဖြစ်ကြောင်း။
အန္တရာယ်ရှိသော လမ်းကွေ့နေရာများတွင် ချုံခုတ်ခြင်း၊ သတိပေးခြင်း၊ အသိပေးဆိုင်း ဘုတ်များတပ်ဆင်ခြင်းဖြင့် လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိပြီး လမ်းနယ်နိမိတ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲ ကျူးကျော်ဆောင်ရွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ပါက အမြန်လမ်းမကြီးဥပဒေနှင့် လမ်းမကြီးများဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေသည် ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက် နောက်ပိုင်း ကျူးကျော်များနှင့်သာ သက်ဆိုင်ကြောင်း၊ မြေပြင်အနေအထားများကြောင့် ယာဉ်မတော်တဆမှု၊ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုများရှိသည့်အတွက် ဆောင်ရွက်ပေးရန် လိုအပ်သည့်နေရာများရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရများသို့ အကြောင်းကြားလျှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ရှင်းလင်းဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအပိုဒ်နှင့်အပိုဒ်ခွဲများကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ ခဲ့ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာ သည်။

No comments:

Post a Comment