Monday, September 19, 2016

မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဆောင်ရွက်နေမှု ကြည့်ရှု့စစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၉
မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊ ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတအား ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းရှင်းလင်းဆောင်၌ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး  ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက မြေအသုံးချမှု၊ ဘ၀ါကျေးရွာအတွင်း မြို့သစ် တည်ဆောက်ခြင်းလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ Italian-Thai Development Company မန်နေဂျင်းဒါရိုက်တာ Dr. Somchet Thinaphong က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောက်ရွက်သွားမည့် အစီအစဉ် များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ထားဝယ်အထူးစီးပွားရေးဇုန် ဓါတ်အားရရှိရေး အတွက် ဓါတ်အားပေး စက်ရုံ၊ ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံစီမံကိန်းများ ဆောက်လုပ်ရန်စီစဉ်ထားရှိမှု၊ ထားဝယ် ပတ်ဝန်းကျင် ဒေသများသို့ ဓါတ်အားပေးမည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယ ၀န်ကြီး ဦးကျော်မျိုးက ထားဝယ်အထူးစီးပွားရေးဇုန် ပြင်ပတွင် Small Port တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဟံစိန်က ကော်မတီ၏ဖွဲ့စည်းမှုနှင့် ကော်မတီဝင်များ၏ လက်ရှိတာဝန်ထမ်းဆောင်နေမှု၊ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြန်မာ၊ ဂျပန်၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက် ရန်စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်တင်ပြသည်။
ဒုတိယသမ္မတကတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လျှပ်စစ်နှင့်ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးရေး  အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်ရေး တို့အပါအ၀င် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြိုတင်တွက်ချက်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် ထားဝယ်ဒေသရှိ မောင်းမကန်အပါအ၀င် ခရီးသွားလုပ်ငန်းနှင့်ပါ ဆက်စပ်နေ၍ နိုင်ငံတော်အတွက် အကျိုးရှိမည့်စီမံကိန်းကြီးဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် တာဝန်ရှိသူများအပါအ၀င် ဒေသခံများကလည်း နိုင်ငံတော်အတွက် တက်ညီလက်ညီဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲဝင်များနှင့်အတူ လောင်းလုံမြို့နယ်၊ ပန်းတင်အင်းချောင်းဝတွင် ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ရေနက်ဆိပ်ကမ်းအတွက် လိုအပ်သည့် ဆောက်လုပ်ရေး ဆိုင်ရာပစ္စည်းများ၊ ယာဉ်နှင့် ယန္တရားများ တင်ပို့နိုင်ရေးအတွက် တည်ဆောက်ထားသည့် Small Port ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စက်မှုဇုန်များ ဇုန်အလိုက် သက်မှတ်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနှင့်ထိုင်းနိုင်ငံတို့ သည် ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာတွင် လုပ်ငန်း စတင်ရန် လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ MoU လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ၊ ဂျပန်၊ ထိုင်း သုံးနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သွားရန် ဆက်လက်စီစဉ် ဆောင်ရွက် လျက်ရှိသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြီးစီးပါက တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလား ပင်လယ်အော်တို့ကို ဆက်သွယ်ပေးမည့် အရှေ့ အနောက် စီးပွားရေးစကြီ်ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွက်လည်း  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်သာမက အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ ဈေးကွက်တိုးချဲ့နိုင်မှု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုအတွက် အရေးပါသော စီမံကိန်း တစ်ခုဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံများအတွက် မဟာဗျူဟာကျသော နေရာတစ်ခုအဖြစ် ပေါ်ပေါက် လာမည်ဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်အတူ ပေါ်ပေါက်လာမည့် ထားဝယ်ရေနက် ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် အရှေ့အလယ်ပိုင်း အာဖရိကနှင့် ဥရောပမှ ကုန်ပစ္စည်းများကို မလက္ကာ ရေလက်ကြားမှ တစ်ဆင့် ဖြတ်သန်းရန်မလိုဘဲ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များနှင့် ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေသို့ ရောက်ရှိကြပြီး မောင်းမကန် ကမ်းခြေဒေသ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ဒုတိယသမ္မတက ဆွေးနွေးမှာကြားရာတွင် ကမ်းခြေတွင် အများပြည်သူများ အပန်းဖြေနားနေရန် ကမ်းခြေ၏ နယ်မြေဧရိယာကို ကျယ်ကျယ်ပြန့်ပြန့် ရှိစေရေးအတွက် ကြိုတင်မျှော်မှန်း ဆောင်ရွက်ကြရန်လိုကြောင်း မြေအသုံးချရာတွင်လည်း ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ 

No comments:

Post a Comment