Monday, September 19, 2016

တတိယအကြိမ်မြောက် ပြန်ကြားရေးဝန်ကြီးများဆိုင်ရာ ဖိုရမ်ကျင်းပ

အုရုံမူချီ စက်တင်ဘာ ၁၉
တတိယအကြိမ်မြောက် ပြန်ကြားရေးဝန်ကြီးများဆိုင်ရာဖိုရမ် (3rd Forum of Ministers Responsible for Information) ကို ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှင်းကျန့်ပြည်နယ်၊ အုရုံမူချီမြို့၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ဆွေးနွေး ပြောကြားသည်။

အဆိုပါဖိုရမ်ကို "မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများ" (New Opportunities for Media Cooperation) ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အာဖရိက၊ ဥရောပ၊ အာရှနှင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံပေါင်း (၁၄) နိုင်ငံမှ ကိုယ်စားလှယ် (၃၅) ဦးနှင့် ဒေသတွင်းမီဒီယာဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ကြသည်။
ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအကြား မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်သာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက်လည်း အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မီဒီယာလွတ်လပ်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ မီဒီယာကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ခေတ်ကာလနှင့် မလျော်ညီသည့် ဥပဒေများကို ပြဆင်ဆင်ဖြည့်စွက်ခြင်းနှင့် အသစ်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် မီဒီယာ လောကသားများ၏ အရည်အသွေး မြင့်မားရေးအတွက်လည်း လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ ဖိုရမ်၌ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုစီမံကိန်း (One Belt, One Road Initiative) ကို မီဒီယာနည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်းရှိ ပြည်သူအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုနှင့် ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ မြှင့်တင်ရေး၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ သတင်းအချက်အလက် ထုတ်ပြန်မှုနှင့် ဖြန့်ဝေမှုဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံများဖလှယ်မှု မြှင့်တင်ရေး၊ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သဘောထားအမြင်များကို ဆွေးနွေးကြသည်။
ရှင်းကျန့်ပြည်နယ်သည် ရှင်းကျန့်-ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဧရိယာ ၁ ဒသမ ၆၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ ဟန်၊ ဝီဂါ၊ ကာဇက်၊ မွန်ဂို၊ မန်ချူး၊ တာဂျစ်၊ ဥဇဘက်၊ တာတာနှင့် ရုရှား စသည့် လူမျိုးပေါင်းစုံ စုစုပေါင်း လူဦးရေ (၂၂) သန်းခန့် အတူတကွ ပူးပေါင်းယှဉ်တွဲ၍ နေထိုင်လျက်ရှိကြသည်။

အုရုံမူချီမြို့သည် ရှင်းကျန့်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဥရောပ-အာရှ ဒေသရှိ နိုင်ငံများသို့ အဓိက ဆက်သွယ်ကူးသန်းရောင်းဝယ်ခဲ့သည့် သမိုင်းဝင် ပိုးလမ်းမကြီးပေါ်ရှိ အရေးပါသောမြို့ဖြစ်ကာ ယခုအခါ ကဏ္ဍစုံ၌ ပိုမိုဖွံ့ဖြိုးတိုးတက် လျက်ရှိသည်။

No comments:

Post a Comment