Monday, September 19, 2016

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့၏၂/၂၀၁၆ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့၏ ၂/၂၀၁၆ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့်
ဥပဒေနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ် ထားသည့် မူဘောင်အတွင်း လိုက်နာဆောင်ရွက်မှုမရှိသည့် အေဂျင်စီအချို့ကြောင့် စည်းကမ်းချက်များ ပေါ်ပေါက်လာပြီး အရေး ယူမှုများလည်းရှိလာခြင်းဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အေဂျင်စီများ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် အနီးကပ် ထိရောက်စွာကြီးကြပ် ကွပ်ကဲစေလိုကြောင်း၊ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်သူများ၊ လုံခြုံစိတ်ချစွာသွားရောက် အလုပ်လုပ်ကိုင်နိုင်ရေးသည် အထူးအရေးကြီးပါကြောင်း၊ပြည်မရောက် အလုပ်သမားများ ကာကွယ်စောင့်ရှောက်မှုကို တရားဝင်၊ တရားမဝင် ခွဲခြားဆောင်ရွက်ခြင်းမရှိပဲ တန်းတူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးကိုလည်း နည်းလမ်းရှာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ မူဘောင်များအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကာတာနိုင်ငံ၊ ယူအေအီးနိုင်ငံတို့သို့ အလုပ်သမား စေလွှတ်နေမှုအခြေအနေ၊ ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် အလုပ်သမားများအား အသိပညာပေးသင်တန်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အခမဲ့ဖွင့်လှစ်ပေးနိုင်မည့် အခြေအနေ၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရုံးခန်းနေရာနှင့် သင်တန်း ဖွင့်လှစ်သည့် နေရာတို့ကို အသုံးပြုခွင့်ပေးထားမှုနှင့် ငှားရမ်းခသတ်မှတ်ဆောင်ရွက်မှု အခြေအနေ၊ အလုပ်သမားစေလွှတ်မှုလုပ်ငန်း အခြေအနေ များနှင့် MOEAF ၏ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် Call Center ဖွင့်လှစ်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

ထို့အပြင်အလုပ်သမားများအား ခေါ်ယူရာတွင် ကြေငြာခေါ်ယူခွင့်ကိစ္စ ဝန်ဆောင်စရိတ် အခမဲ့ဖြစ်စေရေး၊ အလည်အပတ် ဗီဇာဖြင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် အလုပ်သမားစေလွှတ်မှု လုပ်ငန်းစဉ်ကို အလည်အပတ်ပုံစံဖြင့် ဆောင်ရွက်နေမှုများကို ထိရောက်စွာအရေးယူသွားမည့်ကိစ္စ၊ ထိုင်းနိုင်ငံမှရရှိသည့် အလုပ်ခေါ်စာပါ အလုပ်နေရာ မဟုတ်ပဲအခြားအလုပ်ခွင်သို့ ခွင့်ပြုချက်ရယူခြင်းမရှိပဲ ပြောင်းလဲဆောင်ရွက်နေမှုကိစ္စ၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွင် ပွဲစားများပါဝင်ပတ်သက်မှု လျော့နည်းပပျောက်စေရေးကိစ္စ၊ စည်းကမ်းလိုက်နာမှု မရှိသည့်ကုမ္ပဏီများကို ထိရောက်စွာအရေးယူရေးကိစ္စ၊ ဂျပန်နိုင်ငံ၏ အလုပ် ခေါ်စာများ၏ လုပ်ငန်းခွင်အခြေအနေ စိစစ်သည့် လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန်ကိစ္စ၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုကိစ္စရပ်များ၊ လူစုဆောင်းမှုနှင့် အလုပ်သမား ခေါ်ယူခြင်းမှစ၍ အလုပ်သမားရေးရာပြဿနာများ ပေါ်ပေါက်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်းကိစ္စများကို လူမှုကွန်ယက်များနှင့် မီဒီယာများတွင် ဖော်ပြပေးရေးကိစ္စ၊ သက်ဆိုင်ရာ နိုင်ငံများရှိအလုပ်သမားရေးရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် လူမှုအဖွဲ့အစည်းများနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့ကိုဆွေးနွေး ခဲ့ကြသည်။ 

No comments:

Post a Comment