Tuesday, September 27, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၇
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ၃ ခုမေးမြန်းဖြေကြားကြပြီး အဆိုတစ်ခုအား ဆွေးနွေးခဲ့ကြသည်။



မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ ၏ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) လက်ဝယ်ရရှိထားပြီး ယခုနှစ်လယ်ယာစိုက်ပျိုးစရိတ် ထုတ်ပေးရာတွင် ကန့်သတ်ခံထားရသော လယ်သမား(၁၂) ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် နှင့် ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ၀က်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း ၏ ၀က်လက်မြို့နယ်အတွင်းရှိ စိုင်နိုင်ကွေ့- မင်းကျီ- ကျောက်တိုင်- မြင်းသီ- ကွန်ဆိပ် ကျေးရွာလမ်းအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ်အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ် ရှိ /မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူ က အဆိုပါမြေသည် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာအုပ်စု ကွင်းအမှတ် (oss) နောင်ချိုကွင်း ဦးပိုင် (N – 1) ဖြစ်ပြီး မြသိဂီ င်္ကုမ္ပဏီ အမည်ဖြင့် နှစ်(၃၀) လုပ်ပိုင်ခွင့်ရရှိထားသည့် မြေလွတ်၊ မြေရိုင်း ဧရိယာ (၁၀၀၀) အတွင်းပါဝင် လျက်ရှိကြောင်း။
တောင်သူဦးတင်ထွန်းအပါအ၀င် (၁၂) ဦးသည် မြသိဂီ င်္ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပြုထားသည့် မြေတွင် စာရင်းငှားများအဖြစ် ၂၀၀၈ ခုနှစ်ခန့်မှစ၍ သီးနှံစိုက်ပျိုးလုပ်ကိုင်နေသူများဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်က တောင်သူများမှ ကိုယ်ပိုင်စိုက်ပျိုးလိုသဖြင့် အဆိုပါမြေကို နှုတ်ကတိဖြင့် ငှားရမ်းပေးခဲ့ကြောင်း၊ ထိုသို့ငှားရမ်းလုပ်ကိုင်ပြီး ၂၀၁၅ ခုနှစ် ဇွန် လ ၂၄ ရက်တွင် ကုမ္ပဏီနှင့် တောင်သူများ နှစ်ဖက်သဘောတူအရပ်ကတိစာချုပ် ချုပ်ဆို၍ မြေဧရိယာ (၁၃၄ ဒသမ ၃၇) ဧကကို အခကြေး ငွေသတ်မှတ်ချက်မရှိဘဲ  ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အခမဲ့ ၁ နှစ်ငှားရမ်းခဲ့ သည်ကို သိရကြောင်း၊ မြသိဂီ င်္ ကုမ္ပဏီအနေဖြင့် လုပ်ပိုင်ခွင့်ပြုထားမြေကို အခြားတောင်သူ များအား မြေငှားရမ်းစိုက်ပျိုး စေခြင်းသည် တည်ဆဲဥပဒေကို လိုက်နာခြင်းမရှိဘဲ စည်းကမ်း ဖောက်ဖျက်ခဲ့သဖြင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီ အသစ်ပြင်ဆင်ဖွဲ့ စည်းမည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ကြီးကြပ်ကွပ်ကဲမှုဖြင့် ကွင်းဆင်းစစ်ဆေးစေ၍ ဗဟိုကော်မတီသို့ စိစစ်တင်ပြ ဆောင်ရွက်သွားစေမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စနှင့် ပတ်သက်၍ တောင်သူ များသို့ ထုတ်ပေးထားသည့် ပုံစံ(၇) သည်လုပ်ထုံးလုပ်နည်းညီညွတ်မှုမရှိဘဲ မှားယွင်းစွာထုတ်ပေး ထားခြင်းကြောင့် ပြန်လည်သိမ်း ဆည်းပယ်ဖျက်ထားပြီးဖြစ်သဖြင့် တောင်သူများသို့ ဘဏ်ချေးငွေ ထုတ်ပေးနိုင်ခြင်းမရှိပါကြောင်း၊ မှားယွင်းစွာထုတ်ပေးသည့် ကိစ္စရပ်အတွက် သက်ဆိုင်ရာ အဖွဲ့အား စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင် ၀က်လက်မြို့နယ် စိုင်နိုင်ကွေ့- မင်းကျီ- ကျောက်တိုင်- မြင်းသီ- ကွန်ဆိပ်ကျေးရွာ ခြင်းဆက်လမ်း ၁၂ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေမြောင်းဖောက်လုပ်ခြင်းအပါ အ၀င် လုပ်ငန်းများကို ကမ္ဘာ့ဘဏ်အကူအညီဖြင့် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုများအတွက် အရေးပေါ် ပြန်လည်ထူထောင်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် ၏ မိမိနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်လုပ်နေကြသည့် မြန်မာ နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းပြုလုပ်နေမှုများကို နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်၍ အမြန်ဆုံးထိရောက်စွာ ကူညီပံ့ပိုးကယ်တင်စောင့်ရှောက်ပေးပါရန် ပြည် ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို ကို လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးတို့က ဆွေးနွေးကြသည်။
ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း က မြန်မာနိုင်ငံသည် ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး အစရှိသည့် ကဏ္ဍမျိုးစုံကို အဘက်ဘက်မှတိုးတက်လာစေရန်အားသွန်ခွန်စိုက် ကြိုးပမ်း နေရချိန်ဖြစ်သကဲ့သို့ ပြည်သူများ၏လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ခိုင်ခိုင်မာမာရပ်တည်ရန်ကြိုးပမ်းဆောင်ရွက်နေချိန်လည်းဖြစ်ပါကြောင်း၊ ထို သို့ကြိုးပမ်းချိန်တွင် အခက်အခဲများစွာရှိမည်ဖြစ်ပါကြောင်း၊ ထိုအခက်အခဲများမှ ပြည်ပရောက်မြန် မာနိုင်ငံသားများ၏ အခက်အခဲများကို ကူညီဖြေရှင်းရန်တာဝန်ရှိနေပါကြောင်း၊ ပြည်တွင်းအလုပ် အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုနှင့် နယ်စပ်ဒေသများတွင်ငြိမ်းချမ်းမှုမရှိဘဲ သွားလာရခက်ခဲ ပြီး ဒေသထွက်သီးနှံများတင်ပို့ရောင်းချုရာတွင် အကျိုးအမြတ်နည်းကာ ဈေးကွက်မရှိခြင်းများ ကြောင့် မိသားစုစားဝတ်နေရေးဖြေရှင်းရန်ပြည်ပနိုင်ငံများ၌ ခက်ခဲကြမ်းတမ်းပြီးအန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်ဆောင်ရွက်နေကြရပါကြောင်း၊ စာရင်းအတည်မပြုနိုင်သည့် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သူထောင်ပေါင်းများစွာရှိနေပါကြောင်း၊
ဒေသတွင်းအိမ်နီးခြင်းနိုင်ငံများသို့ တရားဝင်ထွက်ခွာသူများ၊ တရားမ၀င်ထွက်ခွာသူများမှာ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်ရာတွင် အများစုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ တရားဝင် အထောက်အထားများနှင့် အလုပ်လုပ်နေသူများပင်လျှင် အလုပ်ရှင်များနှင့် သက်ဆိုင်ရာ နိုင်ငံရဲများပူးပေါင်း၍ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း၊ အုပ်စုဖွဲ့လုယက်ခံရခြင်း များကိုကြုံတွေ့နေရပါကြောင်း၊  ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ လုပ်သားများစေလွှတ်နေသည့် ကုမ္ပဏီများ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ တရားဝင် လိုင်စင် ရှိ/မရှိ၊ တရားဝင်စေလွှတ်ခြင်း ရှိ/မရှိ၊ တာဝန်ခံစေလွှတ်သည့် ကုမ္ပဏီနှင့် အေဂျင်စီ များနေဖြင့် ပြည်ပတွင် မိမိတို့အလုပ်သမားများ လုပ်ခလစာများအပြည့်အ၀ရရှိမှု ရှိ/မရှိ၊ အလုပ်ချိန်အတိုင်းစေခိုင်းခြင်း ရှိ/မရှိ၊ အလုပ်သမား အခွင့်အရေးအပြည့်အ၀ပေးထားခြင်း ရှိ/မရှိ တို့ကို ပုံမှန်စုံစမ်းစစ်ဆေးခြင်းနှင့် နိုင်ငံသားများအခက်အခဲဒုက္ခကြုံတွေ့ချိန်တွင် နှစ်နိုင်ငံအစိုးရ အချင်းချင်း ချိတ်ဆက်၍ အမြန်ဆုံးကူညီဆောင်ရွက် သွားရန်လိုအပ်နေပါကြောင်း ဆွေးနွေး သည်။
စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင် က အာဆီယံနိုင်ငံများတွင် ရွှေ့ပြောင်း အလုပ်သမားအရေအတွက်သည် ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားအားလုံး၏ ၉ ရာခိုင်နှုန်းရှိသည် ဟုသိရပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ၊ မတရားဖိနှိပ်ခံရမှု၊ သတ်ဖြတ် ခံရမှုများကို အကာအကွယ်ပေးရေးသည် အရေးတကြီးလိုအပ်ချက်တစ်ခုဖြစ်လာပါကြောင်း၊ ၁၉၉၀ခုနှစ် နောက်ပိုင်း အလုပ်အကိုင်ရှားပါးမှုနှင့် လယ်ယာမြေအသိမ်းခံရမှုများကြောင့် မြန်မာ နိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့ အလုပ်အကိုင်များရွှေ့ပြောင်းလုပ် ကိုင်ကြပါကြောင်း၊ နိုင်ငံရပ်ခြားသို့သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများအား ထိရောက်စွာ အကာအကွယ် ပေးနိုင်ရန် အစိုးရတစ်ရပ်၏ ပထမဆုံးခြေလှမ်းအဖြစ် ကြေညာချက်တစ်ခုထုတ်ပြန် ရမည်ဖြစ် ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများတရားဝင်ဖြစ်စေရန် Government to Government လမ်းကြောင်းဖြစ်ရန်ဆောင်ရွက်ပေးသင့်ကြောင်း။
လက်ရှိတွင် တရားဝင်လမ်း ကြောင်းများသည် ခက်ခဲရှုပ်ထွေးကြန့်ကြာသည့်အတွက် အလုပ်သမားများအားဆွဲဆောင်မှုနည်း နေပါကြောင်း၊ ထို့ကြောင့်တရားမ၀င်လမ်းကြောင်းများ၊ တရားမ၀င် Agency များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေမဲ့ ပြုကျင့်ခြင်းများကို ခံနေရပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် တရားဝင်လမ်းကြောင်းများကို ရိုးရှင်းလွယ်ကူစေသော နည်းလမ်းများဖြင့် ဖြေလျော့ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ပြည်ပသို့ ရောက်ရှိနေသည့် တရားဝင် /တရားမ၀င် အလုပ်သမား စာရင်းများကို သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် စီမံချက်များ ချမှတ်၍ ကောက်ယူဆောင်ရွက်သင့်ပါကြောင်း။
မြန်မာအလုပ်သမားများရှိသည့် နိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အလုပ်သမားများနှင့် တွေ့ဆုံ၍ အလုပ်သမားများ၏  အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်း၊ အလုပ်ရှင်နိုင်ငံများ ၏ ဥပဒေများကို အသိပညာပေးခြင်း၊ ပြဿနာအများဆုံးဖြစ်ပွားနိုင်သည့် နေရာများတွင် ဌာနခွဲနှင့်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သင့်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများ၏ အလုပ်ရှင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး နှစ်နိုင်ငံသဘောတူညီချက်အဆင့်အထိ ရောက်ရှိရန် ဆောင်ရွက်သင့်ပါ ကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များကို လိုက်နာခြင်း ရှိ / မရှိကို အဆက်မပြတ် စောင့်ကြည့် ခြင်းနှင့် ထိန်းညှိခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့ အတွက် လူ့စွမ်းအားအရင်းအမြစ်မှရသည့် ၀င်ငွေများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လာမည့် လုပ်သားများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် လိုအပ်မည်ဖြစ် ကြောင်း၊ အစိုးရအနေဖြင့် လယ်ယာမြေပြဿနာများနှင့် ပြည်တွင်းအလုပ်သမားပြဿနာများကို မှန်ကန်မြန်ဆန်စွာ ဖြေရှင်းခြင်းဖြင့် ပြည်ပရောက်မြန်မာအလုပ်သမားများကို ယုံကြည်မှုပေးသင့် ကြောင်း ဆွေးနွေးသည်။

No comments:

Post a Comment