နေပြည်တော် စက်တင်ဘာ ၂၇
၂၀၁၄ခုနှစ်၊
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အသေးစိတ် သုတေသနစာတမ်း များ ဖြစ်သော
မွေး ဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း
စာတမ်း(၃)စောင် ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌
ကျင်းပသည်။
အဆိုပါစာတမ်း(၃)စောင်အား
သန်းခေါင်စာရင်းမှရရှိလာသည့် အချက်အလက် များကိုအခြေခံကာ နိုင်ငံတကာပညာရှင်များ၊
UNFPAနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့မှ ပူးပေါင်းပြုစု၍ ထုတ်ပြန်ခြင်းဖြစ်သည်။
ထုတ်ပြန်သည့်
စာတမ်း(၃)စောင်နှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊
အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြား ရာတွင် မွေးဖွားခြင်းနှင့် လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ
သုတေသနစာတမ်း တွေ့ရှိချက် များအရ မြန်မာနိုင်ငံတွင် စုစုပေါင်း ကလေးမွေးဖွား နှုန်းအနေဖြင့်
အမျိုးသမီးတစ်ဦးလျှင် ကလေး (၂ ဒသမ ၅)ဦး၊ မြို့ပြတွင် (၁ ဒသမ ၉)ဦးနှင့်ကျေးလက်တွင်
(၂ ဒသမ ၈)ဦးရှိ ကြောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ်အဆင့်နှိုင်းယှဉ်ပါက ချင်းပြည်နယ်တွင်
အမျိုးသမီး တစ်ဦးလျှင် စုစုပေါင်း ကလေးမွေးဖွားနှုန်း (၅)ဦးဖြင့် အမြင့်ဆုံးဖြစ်ကာ
ရန်ကုန်တိုင်း ဒေသကြီးတွင် စုစုပေါင်း ကလေးမွေးဖွားနှုန်း (၁ ဒသမ ၈)ဦးဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း၊
အိမ်ထောင်ရေးအခြေအနေဆိုင် ရာအချက် အလက်များအရ အသက်(၅၀)အရွယ် အိမ်ထောင်မကျဘူးသူ အမျိုးသမီးများ
အချိုးအစားသည် သိသိသာသာ မြင့်မားနေကြောင်း၊ မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်း သည်မြို့ပြကျေးလက်ကြား၊ တိုင်းဒေသကြီး ပြည်နယ်များကြားတွင် ကွာဟမှုမြင့်မားနေသည်ကို
တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါအချက် အလက်များသည် မွေးဖွားမှုနှင့် ပတ်သတ်သည့် မူဝါဒများ
ချမှတ်ရာတွင် အထောက်အကူဖြစ်စေ မည်ဖြစ်ပါကြောင်း။
ထို့ပြင် သေဆုံးခြင်းနှင့်ပတ်သတ်၍
လွန်ခဲ့သည့် ဆယ်စုနှစ်(၃)စုမှစ၍ မြန်မာနိုင်ငံ တွင် ကလေးငယ်သေဆုံးမှု စံချိန်တင် ကျဆင်းလာသည်ကို
တွေ့ရှိရသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေဆုံးနှုန်း မြင့်မားနေဆဲဖြစ်သည်ကို
တွေ့ရှိရပါကြောင်း၊ သေဆုံးနှုန်းများကျဆင်း နေသော်လည်း မြန်မာနိုင်ငံ ဒေသအားလုံးကို
မလွှမ်း ခြုံနိုင်သေးကြောင်း၊ဧရာဝတီတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့
သည် အခြားတိုင်းဒေသကြီး၊ပြည်နယ်များနှင့်နှိုင်းယှဉ်ပါက ကလေးသေဆုံးနှုန်းနှင့် အရွယ်ရောက်ပြီးသူတို့၏
သေဆုံးနှုန်းမြင့်မားနေဆဲဖြစ်ကြောင်း၊ ကျား၊ မ၊ ကလေး သေဆုံးနှုန်းကွာဟမှု သည်လည်း မြင့်မားနေသည်ကိုတွေ့ရှိရပါကြောင်း၊သန်းခေါင်စာရင်းမှ
ရရှိလာသည့် သေဆုံးမှုဆိုင်ရာ တွေ့ရှိချက်များ မှန်ကန်မှုရှိ ၊ မရှိ စစ်ဆေးရန်အတွက် အဆိုပါဒေသများ၏သေဆုံးခြင်းဆိုင်ရာ
စစ်တမ်းများ ကောက်ယူရန်လိုအပ်ကြောင်း။
ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းနှင့်ပတ်သက်၍
ပြည်ထောင်စု အဆင့်တွင် အရှင်မွေးကလေးဦးရေ (၁၀၀,၀၀၀) တွင် သားဖွားမိခင် (၂၈၂)ဦး သေဆုံးသည့်
အတွက် သားဖွားမိခင် သေဆုံးနှုန်း မြင့်မားလျက်ရှိကြောင်း၊ အမျိုးသမီးများအတွက် ကလေးမမွေးမီ၊
ကလေးမွေးဖွားစဉ်နှင့် ကလေးမွေးဖွားပြီး ကာလများတွင် ကောင်းမွန် သည့် ကျန်းမာရေးစောင့်ရှောက်မှုများ
ပံ့ပိုးပေးနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှု များကို လက်လှမ်းမီနိုင်ရေးတို့အတွက်
တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့
ဌာနေကိုယ်စားလှယ် Ms.Janet Jackson က အဆိုပါထုတ်ပြန်ချက် ကိန်းဂဏန်းများသည် အမျိုးသမီးများ
ခံစားရ သည့် အန္တရာယ်များအပြင် ကျန်ရစ်သူမိသားစုများကြုံတွေ့ရသည့်
ဒုက္ခများပါ ဖော်ပြ နေပါကြောင်း၊ အမျိုးသမီးများအနေဖြင့် ကလေးယူသည့်နှုန်းအား ကိုယ်တိုင်စိတ်ကြိုက်
လျော့ချနိုင်မည်ဆိုပါက ကိုယ်ဝန်ဆောင်စဉ်အမျိုးသမီးများ သေဆုံးနှုန်းသည် သိသိ သာသာ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊
ယခုထွက်ရှိလာသည့်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သည့် မိသားစု စီမံကိန်းများ
လိုအပ်နေသည်ကို ပြသ နေပါကြောင်း။
ကိုယ်ဝန်ဆောင်မိခင်များသေဆုံးမှုကို
လျှော့ချနိုင်ရေးအတွက် အစိုးရသည် ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၏
အကူအညီများဖြင့် ကိုယ်ဝန်ဆောင်မိခင်များ အသက်ဆုံးရှုံးရခြင်းအား စောင့်ကြည့်မှတ်တမ်းတင်ကာ
တုန့်ပြန်ဆောင်ရွက်ရေး အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်နေပြီး ကျန်းမာရေး ၀န်ထမ်းများအား
လေ့ကျင့်သင်တန်းပေးမှု စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်
၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသော ရလဒ်အစီရင်ခံစာများအပေါ်မူတည်၍
အသေးစိတ် သုတေသန စာတမ်း (၁၅) စောင်ရေးသားပြုစုလျက်ရှိပြီး လက်ရှိတွင် စာတမ်း (၃) စောင်
ရေးသားပြုစုထုတ်ပြန်နိုင်ခဲ့ကာ ကျန်ရှိသည့် စာတမ်း (၁၂)စောင် အား ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက်
ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထို့နောက်
မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း အသေးစိတ်သုတေသန စာတမ်းကို ညွှန်ကြားရေးမှူး
ဒေါက်တာခိုင်ခိုင်စိုး၊ သေဆုံးခြင်း အသေးစိတ်သုတေသန စာတမ်းကို ညွှန်ကြားရေးမှူး ဒေါက်တာညီညီ၊
ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း အသေးစိတ်သုတေသနစာတမ်းကို Mr.Fredrick Okwayo တို့က အသေးစိတ်
ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြသည်။
အခမ်းအနားသို့
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့်
ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများ၊ ကုလသမဂ္ဂ လူဦးရေရန်ပုံ ငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ်
Ms.Janet Jackson နှင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်တွင်းပြည်ပ
သတင်း မီဒီယာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

No comments:
Post a Comment