Sunday, September 25, 2016

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များ အဖွဲ့အား အဆုံးသတ်ရန်တိုက်တွန်း

နယူးယောက် စက်တင်ဘာ ၂၄
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များ အဖွဲ့ “Partnership Group for Peace, Development and Democracy in Myanmar (PGM)”၏ အဆင့်မြင့် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည်။   အစည်းအဝေးတွင်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေး၌ ရလဒ်ကောင်းများတွေ့မြင်နေရကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်အပေါ် မြန်မာ ပြည်သူလူထုက တစ်ခဲနက်ရွေးချယ်ခဲ့ခြင်းသည် ယင်းတို့၏ ယုံကြည်ကိုးစားမှုထားရှိခြင်းကို ပြသနေကြောင်း၊ လွန်ခဲ့သော နှစ်များအတွင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရုန်းကန်ပေးဆပ်ခဲ့မှုများအပေါ် အသိအမှတ်ပြုခြင်းဖြစ် ကြောင်း၊ မိမိအနေဖြင့်လည်း သြဂုတ်လကုန် က နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်ခဲ့ခြင်း သည် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် အလေးထားမှုကို ပြသခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများရရှိနေပြီဖြစ်သဖြင့် ယခု PGM အဖွဲ့အားအဆုံးသတ်ရန် စဉ်းစားသင့်ပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားရာ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများနှင့် နိုင်ငံတကာ၏ ကြီးမားသည့်မျှော်မှန်းချက်များကို အကောင်အထည် ဖော်ပေးရန်  အစိုးရအနေဖြင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရ ပါကြောင်း၊ မကြာသေးမီကလည်း အားလုံးပါဝင်မှုနှင့် ပြည်ထောင်စုစိတ်ဓါတ်အပေါ်တွင် အခြေခံထားသည့် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ ယင်း ညီလာခံသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်း ရေးရရှိရန် အရေးပါသည့် ပထမ ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်း ရေးနှင့် သာယာဝပြောမှု ရရှိရေးအတွက် ဆောင်ရွက်ပေးရန် သန္နိဋ္ဌာန်ချထားပါကြောင်း၊
မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများနည်းတူ ကုလသမဂ္ဂနှင့် အပြုသဘော ဆောင်၍တက်ကြွစွာဖြင့် ပုံမှန်ဆက်ဆံရေး ပြုလုပ်နိုင်သည့် အခွင့်အလမ်း တစ်ရပ်ကိုပေးရန် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုးတက်မှုများ ဖြစ်ပေါ် နေပြီဖြစ်သည့်အတွက် ကုလသမဂ္ဂ အနေဖြင့် ယခင်နှစ်များနည်းတူ ထားရှိသည့် ယန္တရားအများအပြားဖြင့် မြန်မာ နိုင်ငံအပေါ် စောင့်ကြည့်သွားရန် မလိုအပ်တော့ပါကြောင်း၊ သို့ပါ၍ အထူးအကြံပေး ပုဂ္ဂိုလ်၏ လုပ်ပိုင်ခွင့်တာဝန် (Mandate) အပါအဝင် အတွင်းရေးမှူးချုပ်၏ အကျိုးဆောင်မှုကဏ္ဍနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်း တင်သွင်းနေခြင်းတို့ကို အဆုံးသတ်ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် PGM အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အပြုသဘောပါဝင်ဆွေးနွေးကြပြီး၊ နိုင်ငံအများစုက မြန်မာ နိုင်ငံကိစ္စအားဆွေးနွေးရန် ဖွဲ့စည်းထားသည့် PGMအဖွဲ့အား အဆုံးသတ်ရေးနှင့် ပတ်သက်၍ ထောက်ခံပြောကြား ခဲ့ကြသည်။ အစည်းအဝေးတွင် အီးယူ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲကကုလသမဂ္ဂတွင် လွန်ခဲ့သည့် ၂၅ နှစ် လုံးလုံး အီးယူမှ ဦးဆောင်တင်သွင်းခဲ့သော မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းကိုယခုနှစ်တွင် တင်သွင်းခြင်းပြုတော့မည်မဟုတ်ကြောင်းဖြင့် ပြောကြားသည်။

PGM အဖွဲ့ဝင် (၁၅) နိုင်ငံတွင် သြစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျပန်၊ နော်ဝေ၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။

No comments:

Post a Comment