Saturday, September 24, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပေါင်းလောင်းရေလှောင်တမံဘက်စုံစီမံကိန်း၊ နန်ချိုရေအားလျှပ်စစ်စက်ရုံနှင့် အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ပေါင်းလောင်းရေလှောင်တမံဘက်စုံ စီမံကိန်း၊ နန်ချိုရေအားလျှပ်စစ်စက်ရုံနှင့် အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံများအား ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်နှင့်အတူ ယနေ့နံနက် ပိုင်းတွင် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲသို့ရောက်ရှိပြီး ရေပိုလွှဲမှ ရေကျော်ဆင်းမှုအခြေအနေကို ကြည့်ရှုသည်။
ထိုနောက် ပေါင်းလောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပေါင်းလောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပေါင်းလောင်း ရေလှောင်တမံ၊ ရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ဆည်ရေပေးဝေမှုအခြေအနေ၊ တမံကြံ့ခိုင်ရေးစစ်ဆေး တိုင်းတာမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံသို့ ရောက်ရှိပြီး ပေါင်းလောင်းမြေအောက် ဓါတ်အားပေးစက်ရုံပုံစံငယ်အား ကြည့်ရှုသည်။
ထို့နောက် စက်ရုံစီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဒုတိယအင်ဂျင်နီယာချုပ် ဒေါက်တာဝင်းမြင့်တို့က စက်ရုံဆိုင်ရာ အချက်အလက်များ၊  စစ်တောင်းမြစ်ဝှမ်းအတွင်း တည်ဆောက်ပြီး၊ တည်ဆောက် ဆဲနှင့် ဆက်လက်တည်ဆောက်မည့် ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ရေအားလျှပ်စစ်ထုတ်လုပ်နေမှုနှင့် လျှပ်စစ်ဓာတ်အား ပင်မထိန်းချုပ်ခန်းအား ကြည့်ရှု စစ်ဆေးရာ စက်ရုံမှူး ဦးကိုကိုနိုင်က လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု အခြေအနေများ၊ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပေါင်းလောင်းရေလှောင်တမံကို ၁၉၉၈ - ၁၉၉၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ - ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ အဆိုပါ ရေလှောင်တမံသည် ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး အမြင့် ပေ ၄၃၀ ၊ အလျားပေ ၃၁၀၀ နှင့် ကန်ရေလှောင် ပမာဏ ၅၄၉၄၂၀ ဧကပေရှိသည်။ ရေအားလျှပ်စစ် တပ်ဆင်ဓာတ်အား ၇၀ မဂ္ဂါ၀ပ်  ၄ လုံး တပ်ဆင်ထားပြီး နှစ်စဉ်ပျမ်းမျှထုတ်လုပ်သည့်ဓါတ်အား ၉၁၁ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် နန်ချိုရေအားလျှပ်စစ်ဓါတ် အားပေးစက်ရုံသို့ရောက်ရှိရာ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဒေါက်တာ မောင်မောင်ကျော်က စီမံကိန်းဆိုင်ရာ အချက်အလက် များနှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် နန်ချိုရေအားလျှပ်စစ်ပင်မထိန်းချုပ်ခန်းနှင့် ရေထိန်းတမံများအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယသမ္မတသည် အထက်ပေါင်းလောင်း စီမံကိန်းရှင်းလင်းဆောင်ရှုရပ်မှ အထက်ပေါင်း လောင်းတမံ၊ ရေပိုလွှဲမှရေကျော်ဆင်းမှုအခြေအနေအား ကြည့်ရှုသည်။
ဒုတိယသမ္မတသည် အထက်ပေါင်းလောင်းတမံ ရှင်းလင်းဆောင်သို့ရောက်ရှိရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားမှူး ဦးခင်မောင်ဝင်းက အထက်ပေါင်း လောင်းတမံနှင့် ရေအားလျှပ်စစ် စက်ရုံဆိုင်ရာ အချက်အလက် များ၊ တမံအတွင်း ရေ၀င်ရောက်မှုအခြေအနေ၊ ရေ၀ပ်ဧရိယာအတွင်း ရေ၀င်ရောက်မှု၊ ပြည်သူများထံ ကြိုတင်အသိပေး ထား ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက တမံများ၏ကြံ့ခိုင်မှုကို စဉ်ဆက်မပြတ် အလေးထားကြပ်မတ် နိုင်ရေးနှင့် ဓာတ်အားပေးစက်ရုံနှင့် ဆက်သွယ်ရေးစနစ် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ ထို့နောက် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံနှင့် ပင်မ ဓာတ်အား ထိန်းချုပ်ခန်း၊ တမံအတွင်း ရေ၀င်ရောက်မှု အခြေအနေ၊ ရေပိုလွှဲမှရေကျော်ဆင်းမှု အခြေအနေ၊ တမံကြံ့ခိုင်မှုအားနေ့စဉ် စစ်ဆေးထားရှိမှု အခြေအနေများနှင့်  ပေါင်းလောင်းရေလွှဲ တမံအား ကြည့်ရှုစစ်ဆေးသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ နိုဝင်ဘာတွင် တည်ဆောက်ပြီးစီးခဲ့သည်။ ပင်မတမံသည် ကွန်ကရစ်တမံ အမျိုးအစားဖြစ်ပြီး အလျားပေ ၁၆၉၀၊ အမြင့် ၃၂၂ ပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၃၇၉၂၃၁ ဧကပေရှိသည်။ ဓာတ်အားပေးစက်ရုံ ဓါတ်အားပေးစက် ၂ လုံး တပ်ဆင် စက်အင် အား ၁၄၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅၄ သန်း ခန့်ကို မဟာ ဓာတ်အားကွန်ယက်စနစ်သို့ ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသည်။

ပေါင်းလောင်းမြစ်ပေါ်တွင် မဂ္ဂါဝပ် ၁၀၀ ထွက်ရှိမည့် အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။       

No comments:

Post a Comment