Sunday, September 25, 2016

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းရည်ပြည့်ဝစွာထမ်းဆောင်နိုင်ရန် တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော် စက်တင်ဘာ ၂၄
အချိန်၊ ငွေ၊ လုပ်အားများစွာ အကုန်အကျခံပြီး လေ့ကျင့်နေခြင်းသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို စွမ်းရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပြည်ပရန် ကာကွယ်ရေးအတွက် သမာရိုးကျစစ်ဆင်နွှဲနိုင်ရန် အဓိကရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေး၊ စစ်ရေး ဆိုသည်မှာ ကောက်ကာငင်ကာလုပ်၍မရဘဲ ကြိုတင်ပြင်ဆင်မှု၊ လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း တစ်ဖွဲ့ချင်းအလိုက် လေ့ကျင့်သားပြည့်ဝအောင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်း အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်၌ ပြုလုပ်သော တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းကို ကြည့်ရှုစစ်ဆေးပြီး အမှာစကားပြောကြား စဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ လေ့ကျင့်ခန်းတွင်ပါဝင်သည့် လေ့ကျင့်ရေးခေါင်းဆောင်က လေ့ကျင့်ခန်း အကြောင်းအရာနှင့်ပတ်သက်၍ သဲမြေပုံဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် လေ့ကျင့်ခန်းတွင်ပါဝင်သည့် ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့များသည် တိုက်ပွဲဝင်ပုံစံဖြင့် တပ်ဖြန့်မှုအား ဆောင်ရွက်စဉ် လေကြောင်းချီတပ်ဖွဲ့များက ရန်သူ့ အုပ်ချုပ်ထောက်ပံ့ရေး စခန်းနေရာအား စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်ခြင်း၊ ၀င်ရောက်စီး နင်းတိုက်ခိုက်ခြင်း၊ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ရန်သူ့ဆက်သွယ်ရေးနှင့် ရေဒါစခန်းနေရာအား စီးနင်းတိုက်ခိုက်ခြင်း၊ တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ရန်သူ့ပစ်မှတ် အသီးသီးအား ကြိုတင်ချေမှုန်းခြင်း၊ အမြောက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အတွဲလိုက်ဒုံးများပစ်ခတ်ခြင်း၊ ခြေလျင်အကူ လက်နက်ကြီး များဖြင့်ပစ်ခတ်၍ ကြိုတင်ချေမှုန်းခြင်းများ ဆောင်ရွက်ကြပြီး တိုက်ပွဲပုံစံအဆင့်လိုက် ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့များက ထိုးဖောက်ဝင်ရောက်၍ ချေမှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက်အသီးသီးကို သိမ်းပိုက်ကြသည်။
ယင်းနောက် ရန်သူ၏နောက်ပိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအား အမြောက်တပ်ဖွဲ့များမှ ပစ်ခတ်ချေမှုန်းခြင်း၊ တိုက်ပွဲဝင်တပ်ဖွဲ့ များက ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခြင်းနှင့် ရန်သူအားပိတ်ဆို့ခြင်း၊ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ် လူနာတင် ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ အရေးကြီးလူနာများကို ရဟတ်ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ မိမိတပ်များ အတွက် လေကြောင်းမှ ခဲယမ်း၊ ရိက္ခာချပေးခြင်းများအား ဆောင်ရွက်ကြသည်။
ထို့နောက် တပ်တော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတစ်ခုလုံး၏ အနှစ်သာရမှာ လေ့ကျင့်ခန်းတွင်ပါဝင်သည့် ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာနှင့် အခြားလက်ရုံးတပ်ဖွဲ့အားလုံး၏ ဟန်ချက်ညီ အချိန်ကိုက်ပူးပေါင်း ဆောင်ရွက်နိုင် ခြင်းပင်ဖြစ်ကြောင်း၊ ယခုလေ့ကျင့်ခန်းတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ယုံကြည်မှုရှိခြင်း၊ အချိန်တိကျမှုနှင့် အချိန် အား တန်ဖိုးထားလေးစားမှုရှိခြင်း၊ ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်မှုကောင်းမွန်ခြင်း၊ အမိန့်နာခံမှု ကောင်းမွန်ခြင်းတို့ကို အားသာချက်အဖြစ် တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်းများတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ ကို သင်ခန်းစာဖော်ထုတ်၍ တပ်ဖွဲ့အလိုက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပြင်ဆင်ဖြည့်စွက် စီမံဆောင်ရွက်ခြင်းဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပိုမိုတိုးတက်မြင့်မား၍ စွမ်းရည်ရှိသည့်တပ်မတော် ဖြစ်လာမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ခြေလျင်နှင့် အကူလက်ရုံးတပ်များမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

အဆိုပါလေ့ကျင့်ခန်းသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် စစ်ဦးစီး တက္ကသိုလ်တို့မှ သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြပြီး ပြည်တွင်းသတင်းမီဒီယာများလည်း တက်ရောက် သတင်းရယူကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။ 

No comments:

Post a Comment