Monday, September 26, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၆၇)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်


နေပြည်တော် စက်တင်ဘာ ၂၆

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Banquet Hall ၌ ကျင်းပသည့်  (၆၇)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်သည်။


ညစာစားပွဲတွင် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိသူများက (၆၇) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် အထိမ်းအမှတ်အဖြစ် တရုတ်- မြန်မာ နှစ်နိုင်ငံ ပန်းချီပညာရှင်များ ကွင်းဆင်း ရေးဆွဲထားသော ပန်းချီလက်ရာများ ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတက ဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် နှစ်နိုင်ငံသံတမန် စတင်ထူထောင်ခဲ့သည့်  ၁၉၅၀ခုနှစ်မှစတင်၍  နှစ်နိုင်ငံအစိုးရ အဆက်ဆက်တို့သည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ချက်ကို အခြေခံပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်း ပီသသော ဆက်ဆံရေးကို ထိန်းသိမ်းမြှင့်တင်ခဲ့ပါကြောင်း။

အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်း အလေးထား ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရက် နိုင်ငံ တည်ဆောက်ရေးသည့် ဆောင်ရွက်ချက်များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ခံအားပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် လက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ် ဘက်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပိုမိုကောင်းမွန်ပြီး နှစ်ဖက်အကျိုးရှိစေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို ချမှတ် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက်  တရုတ်နိုင်ငံ အနေဖြင့် တာဝန်ယူမှုရှိသည့် ရင်းနှီး မြှုပ်နှံမှုသစ်များ ပိုမိုလာရောက်နိုင်ရန် ကြိုဆို ကြောင်းကို ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံနှင့် အတူ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ပိုမိုရရှိရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ၊ တရုတ်သံအမတ်ကြီးနှင့် ဇနီးတို့က (၆၇)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြသည်။

အဆိုပါ ဧည့်ခံပွဲသို့  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
             


No comments:

Post a Comment