Monday, September 12, 2016

သံလွင်တံတား(ချောင်းဆုံ)ရေလယ်တိုင်များ တံတားသံဘောင်တပ်ဆင်လျက်ရှိ


နေပြည်တော် စက်တင်ဘာ ၁၂
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လိုက်ပါလျက် စက်တင်ဘာ (၁၀)ရက် နံနက်ပိုင်းတွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)နှင့် တည်ဆောက်ရေး အဖွဲ့(၄)တို့မှ မော်လမြိုင်မြို့ မုပွန်နှင့် ဘီလူးကျွန်းရှိ ကညော်ကျေးရွာတို့ကို ဆက်သွယ် တည်ဆောက်နေသည့် သံလွင်မြစ်ကူး ၊ သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများ က ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခု တွင် ပါဝင်ပါ ကြောင်း ၊ မော်လမြိုင်မြို့ကြီးနှင့် ဘီလူးကျွန်းကို ဆက်သွယ်သည့်အပြင် ပင်လယ်နှင့် နီးစပ်သည့် တံတားကြီး ဖြစ်သည့်အတွက် စံပြတံတား ကြီးဖြစ်အောင် စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း ၊ ပြည်တွင်းရှိ J&M Steel Solutions Co,.Ltd နှင့် MEC တို့မှ ထုတ်လုပ်သော သံပေါင်များ ကို အသုံးပြုထား သည့်အတွက် နိုင်ငံခြားသုံးငွေ သက်သာခဲ့ပါကြောင်း ၊ Launching Method ဖြင့် စတင် အသုံးပြုသည့် အတွက် ငလျင်ဒဏ်ခံနိုင်အောင် စနစ်တကျ စီမံဆောင်ရွက်ရန် လိုကြောင်း၊ တံတားကြီးပြီးစီးပါက တည်ဆောက်မှု မှတ်တမ်းကို ပြည်သူများ ၊ ကျောင်းသား လူငယ်များ သိရှိလေ့လာနိုင်ရန် တံတားအနီးတွင် ပြတိုက်ထားရှိရန်တို့ကို မှာကြားသည် ။
ထို့နောက် ရေလယ်တိုင် RP4 နှင့် RP5 ကြား သံဘောင် တပ်ဆင်နေမှု တို့ကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန် ၊ သံဘောင် တပ်ဆင်နေစဉ် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး ပြင်ဆင်ထားရန် တာဝန် ရှိသူများအား မှာကြားသည် ။
ဆက်လက်၍ ဘီလူးကျွန်း၊ ကညော်ဘက်ကမ်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူ အဆင်ပြေစေရေး တို့အတွက် နိုင်ငံတော် အစိုးရမှ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး တံတားကြီးကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ တံတား ကြီး အောင်မြင်စွာ တည်ဆောက်ပြီးစီးရေးအတွက် ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်တို့ကို ရင်းရင်းနှီးနှီး တွေ့ဆုံ ပြောကြားသည် ။
ထို့နောက် ချောင်းဆုံဘက်ကမ်းတွင် Steel Box Girder အား Launching Method ဖြင့် တပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည် ။ သံလွင်တံတား(ချောင်းဆုံ)သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ မုပွန်အရပ်နှင့် ဘီလူးကျွန်းရှိ ကညော်ကျေးရွာတို့ကို ဆက်သွယ်ကာ သံလွင်မြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး တံတား အမျိုးအစားမှာ Main Steel truss နှင့် Steel Box ဖြစ်ပြီး ၊ တံတားအောက်ထည်မှာ 1.5m/1.8m ø Bored Pile သံကူကွန်ကရစ်နှင့်‌ 1.2mø .RC Concrete တို့ဖြစ်ပြီး တံတားအပေါ်ထည်ကို သံမဏိ သံပေါင် ဂုံးတံတားနှင့် Steel Box Girder + RC Concrete တို့ဖြင့် တည်ဆောက်ထားပြီး စုစုပေါင်း တံတားအရှည်မှာ (၅၂၀၃.၄) ပေ ၊ ယာဉ်သွားလမ်းအကျယ် (၂၈)ပေ ၊ယာဉ်နှစ်လမ်းသွားနှင့် လူသွားလမ်းတစ်ဖက်လျှင် (၃)ပေ (၃)လက်မ ပါရှိ၍ ရေလမ်းကင်းလွတ် အကျယ် (၄၂၆)ပေ ၊ အမြင့်(၄၆)ပေရှိပြီး ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ (၇၅) တန်ဖြစ်သည် ။
သံလွင်တံတားချောင်းဆုံ တည်ဆောက်ပြီးစီးပါက မွန်ပြည်နယ် ၊ မော်လမြိုင် မြို့တော်ကြီး ဖွံ့ဖြိုး သာယာ လှပပြီး ၊ မော်လမြိုင်မြို့မှ ဘီလူးကျွန်းရှိ ကျေးရွာများသို့ သွားလာသော ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမှာ ဖြစ်သလို ဒေသခံ ပြည်သူများ၏ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး နှင့်‌ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည် ။ ဆက်လက်၍ နေ့လည်ပိုင်းတွင် ဂျပန် ODA LOAN ဖြင့် ဆောင်ရွက်သော တရနာ - ဘုရားလမ်း ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ညနေပိုင်းတွင် မော်လမြိုင်မြို့ လမ်းဦးစီးဌာန ၊ ပြည်နယ်ညွှန်ကြား ရေးမှူးရုံးတွင် မြို့နယ် ၊ ခရိုင် ၊ ပြည်နယ်၊ အထူးအဖွဲ့များနှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ အရာထမ်း ၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည် ။

No comments:

Post a Comment