Wednesday, September 14, 2016

“အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” အား ကိုယ်စားလှယ်များဆွေးနွေး


နေပြည်တော်  စက်တင်ဘာ ၁၄
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့တွင် “အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” အား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြပြီး ဆွေးနွေးချက်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

 ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်က အရေးပေါ်အက်ဥပဒေသည် နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော် အေးချမ်းသာယာရေးအတွက် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်း ထားသည့် ဥပဒေဖြစ်ပါကြောင်း၊ အစိုးရမှ ထိထိရောက်ရောက် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် အာဏာပေးထားခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ယခုအထိ ယမ်းငွေ့ များ ဝေနေဆဲဖြစ်ပါကြောင်း၊  ထို့ကြောင့် အစိုးရအဖွဲ့ ကောင်းမွန်စွာ အလုပ် လုပ်ကိုင် နိုင်ရန်အတွက် အာဏာပေးထားရန် လိုအပ်သည့်အတွက် အရေးပေါ်စီမံမှု အက်ဥပဒေကို ဆက်လက် ထားရှိရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက အရေးပေါ်စီမံမှု အက်ဥပဒေကြောင့် အပြစ်မဲ့ ပြည်သူ တစ်ချို့ ဒုက္ခရောက်ခဲ့ကြပါကြောင်း၊ ထိုသို့ဖြစ်ရခြင်း သည် ဥပဒေကို အသုံးပြုဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် ဖြစ်ပါ ကြောင်း၊ ဥပဒေကို အသုံးပြုသူက လိုသလိုဆောင်ရွက်၍ ရနေခြင်းသည် ဤဥပဒေ၏ ကြီးမား သည့် ချို့ယွင်းချက်ဖြစ်ပါကြောင်း။
အရေးပေါ်စီမံမှု အက်ဥပဒေသည် ခေတ်ကာလနှင့် မလျော်ညီတော့သည့်အပြင် သန္ဓေတည်စဉ်ကတည်းက တရားမျှတမှုကင်းမဲ့သည့် ဥပဒေဖြစ်ပါကြောင်း၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် သဘောထား အမျိုးမျိုး ရှိနေကြသည့် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးနှင့် အစိုးရအကြား ယုံကြည်မှုကိုထိခိုက်စေသည့် ဥပဒေဖြစ် သည့်အတွက် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းသိန်းက ဤဥပဒေသည် စစ်မက် ဖြစ်ပွားစဉ် ကာလအတွင်း၌ ပေါ်ပေါက်လာသည့် အန္တရာယ်များကို ကာကွယ်ရန် သက်သက်မဟုတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေးကို ရှေးရှုပြီး ပြဋ္ဌာန်းခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ယနေ့ကမ္ဘာ့နိုင်ငံ အများအပြားတွင် အဖျက်အမှောင့်သမားများသည် တစ်ဦး ချင်းသော်လည်းကောင်း၊ အစုအဖွဲ့ အလိုက်သော်လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို အန္တရာယ်ပြုခြိမ်း ခြောက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ဘ၀ကို ကာကွယ်မှု အပြည့်အ၀ပေးနိုင်သည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ယနေ့မျက်မှောက်ခေတ် ပြည်တွင်း ပြည်ပ အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိပါ ကြောင်း။
ထို့ပြင် တည်ဆဲဥပဒေတစ်ရပ်ကို အဆောတလျင် ရုပ်သိမ်းလိုက်ပါက နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တစ်ရပ် ဆုံးရှုံးသွားမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းရန် မသင့်သေး ပါ ကြောင်းနှင့် ဥပဒေကြမ်းတင်သွင်းလာခြင်းကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးက အရေးပေါ်စီမံမှု အက်ဥပဒေသည် ပြည်တွင်းငြိမ်း ချမ်းရေးနှင့် တိုင်းသူပြည်သားများ၏ လုံခြုံရေးကို အခါခပ်သိမ်းရှေ့ရှုပြီး ၁၉၅၀ ပြည့်နှစ် ပါလီမန်ဒီမိုကရေစီ ခေတ်က ဒီမိုကရေစီစံနှုန်း များနှင့်အညီ ပြဋ္ဌာန်းခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေဖြစ်ပါကြောင်း၊ နိုင်ငံတော် လုံခြုံမှု၊ ပြည်သူ့ဘ၀လုံခြုံမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လုံးဝ ထိခိုက်မှု မရှိစေဘဲ ရာဇသတ်ကြီး ဥပဒေထက် ပိုမိုခိုင်မာပြည့်စုံစေရန် အရေးကြီးသည့် အကြောင်းအရာ များကို ရွေးထုတ်ပြဋ္ဌာန်းထားသည်ကို တွေ့ရ ပါကြောင်း။
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး တို့အတွက် ပြဋ္ဌာန်းချက်များပါရှိသကဲ့သို့ ပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ အခွန်ကောက်ခံရေး၊ ကိုယ်ကျင့်တရားနှင့် စည်းကမ်း ထိန်းသိမ်းရေး၊ ဥပဒေလမ်းကြောင်းအတိုင်း လိုက်နာဆောင်ရွက်ရေးစသည့် ပြဋ္ဌာန်း ချက်များလည်း ပါရှိပါကြောင်း။
ထို့ပြင် အများပြည်သူနှင့် သက်ဆိုင်သည့်ကိစ္စ၊ အများပြည်သူ  ဒုက္ခမဖြစ်စေရန်၊ အသက်မဆုံးရှုံးစေရန်၊ ဘေးအန္တရယ်မဖြစ်စေရန် စသည့် ပြည်သူများနှင့် သက်ဆိုင် သည့် ကိစ္စရပ်များကိုသာ အထူးအလေးပေးထည့်သွင်းထားသည့် အထူး ဥပဒေတစ်ရပ် လည်းဖြစ်၍ တည်ဆဲဥပဒေတစ်ရပ်ဖြင့် ဆက်လက်ထားရှိသင့်ကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ် တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့် ကျင်သမျှ အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် တည်ဆဲဥပဒေတစ်ခုဖြစ် သည့် အရေးပေါ်စီမံမှု အက်ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မည်သည့်ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ဆိုသည်ကို စိစစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သမျှကိုသာ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းသာ ပြုလုပ်သင့် ကြောင်း ဆွေးနွေးသည်။

No comments:

Post a Comment