Thursday, September 15, 2016

ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများက စဉ်းစားကြံဆ

 ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့်  ၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သောသဝဏ်လွှာ
နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာ နိုင်ငံသူနိုင်ငံသားအပေါင်း စစ်မှန်သော ဒီမိုကရေစီ အနှစ်သာရများကို ပြည့်ပြည့်၀၀ခံစား ရရှိနိုင်ပါစေကြောင်းနှင့် ထိုသို့ခံစားနိုင်စေရန် အတွက် နိုင်ငံ၌ ဒီမိုကရေစီ အလေ့ အထကောင်းများ ထွန်းကား ရှင်သန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သ အပ်ပါ သည်။
မြန်မာနိုင်ငံ၏ အနီးကပ်သမိုင်းကို ပြန်ကြည့်လျှင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီဆိတ်သုဉ်းသော ဘ၀ကို ဆယ်စု နှစ်ပေါင်းများစွာ ဖြတ်သန်းကျင်လည်ခဲ့ရသည်ကို တွေ့ရှိရမည်   ဖြစ်ပါသည်။ လွတ်လပ်မှု၊ တန်းတူညီမှု၊ တရားမျှတမှုများ ကင်းမဲ့သော အနေအထားများမှ လွတ်မြောက်ရန်အတွက် အများပြည်သူတို့ တောင်းဆိုခဲ့၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ ဒီမိုကရေစီ လမ်းကြောင်းအစ၌ အခြေချမိကြခြင်း ဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီစနစ် အမြစ်တွယ်အောင်၊ ခိုင်မာတောင့်တင်းအောင်နှင့် ရေရှည် တည်တံ့ အောင်ကား နိုင်ငံသူနိုင်ငံသားအများ ဝိုင်းဝန်း၍ ဆက်လက်ကြိုးပမ်းတည်ဆောက်ကြရဦးမည်ဖြစ်ပါသည်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-
ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အင်အား၊ ပြည်သူ့အာဏာကို မဏ္ဍိုင်ပြုသော နိုင်ငံရေးစနစ်ဖြစ်ရာ ဒီမိုကရေစီစနစ်ဟူသည် ပြည်သူလူထု၏ ခံစားချက်နှင့် မျှော်လင့်ချက်များကို ဦးထိပ်ထား၍ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများက စဉ်းစားကြံဆ ဆုံးဖြတ် ကြရသည်။ သို့သော် ထိုသို့ဆုံးဖြတ်ရာ၌ အနည်းစုတို့၏ သဘောထား ဆန္ဒကို လုံးဝ လျစ်လျူရှုထား၍ကားမရ။ အကြောင်းမူ  ဒီမိုကရေစီ စနစ်ဟူသည် နိုင်ငံသားတစ်ဦးချင်းတို့၏ အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်များကိုလည်းကောင်း၊ လူနည်းစုတို့၏ အခွင့်အရေး များကိုလည်းကောင်း လေးစား ဂရုထား ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတို့တွင် နိုင်ငံ့အရေးအရာများကို အဖြေရှာရာ၌ နိုင်ငံသား အများ ဝိုင်းဝန်းပါဝင်ရေးကို အလေးထား ကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရလေ့ရှိပါသည်။
မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ” သည် အဆိုပါ သဘောကို ဖော်ပြသည့် နမူနာသာဓကတစ်ခုပင် ဖြစ်သည်။
နိုင်ငံအတွင်း ညီရင်းအစ်ကို မောင်ရင်းနှမများ စိတ်ဝမ်း ကွဲပြားရာက ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေး၊ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်၍ ပြည်သူအများ လိုလားတောင့်တသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးတို့အတွက် လူမျိုးစုအသီးသီးနှင့် အဖွဲ့အစည်းအသီးသီးတို့ကို ကိုယ်စားပြုသူများ၊ တစ်ဦးချင်းသောပညာရှင်များစသည့် ပုဂ္ဂိုလ်အများအပြားတို့က ညီလာခံ၌ ရှုထောင့်မျိုးစုံမှ ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။     (၂၁) ရာစု ပင်လုံညီလာခံ ပထမ အစည်း အဝေးတွင် ဆွေးနွေး ခဲ့ကြသည့် နိုင်ငံ့အရေးအရာ ပြဿနာများကို နိုင်ငံတစ်ဝှမ်းလုံး၌ ဆက်၍ဆက်၍ ဆွေးနွေး ကြဦးမည် ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းရင်းသား ပြည်သူအားလုံး သဘောတူမျှလက်ခံကြသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို နိုင်ငံရေးစားပွဲဝိုင်းများတွင် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြ ရဦးမည် ဖြစ်ပါသည်။ ဤသည်မှာ လူများစုလူနည်းစု မခွဲခြား နိုင်ငံသူနိုင်ငံသားအများပါဝင်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်း ဖြစ်ပါသည်။
ယင်းသို့ ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဤနိုင်ငံ၌ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုတို့ကို တည်ဆောက်နိုင်မည့် အပြင် နိုင်ငံသူနိုင်ငံသား အပေါင်းသည်လည်း လွတ်လပ်ခြင်း၊ တန်းတူညီခြင်း၊ တရား မျှတခြင်းတည်းဟူသော လောကပါလတရားများ ကို ခံစားကြရလိမ့်မည်ဟု အခိုင်အမာယုံကြည်ထားပါသည်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-
၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ၊ နိုင်ငံတကာပါလီမန်များအဖွဲ့က သတ်မှတ် သည့် “အားလုံးပူးပေါင်းပါဝင်စို့ ဒီမိုကရေစီ ၂၀၃၀ သို့” ဟူ၍ ဖြစ်ပါသည်။ ယင်းဆောင်ပုဒ်၏ ရည်ရွယ်ချက်သည် အနာဂတ်ဒီမိုကရေစီ၊ ယနေ့နှင့် နောင်တစ်နေ့လူငယ်များ၊ ထို့နောက် လွှတ်တော်များ၏ အခန်းကဏ္ဍတို့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ ပြည့်နှစ် ပန်းတိုင်နှင့် ချိတ်ဆက်စဉ်းစားရန် နှိုးဆော်ပေးလိုက်သောသဘော ဖြစ်ပါသည်။
ယခုမှစ၍ရေတွက်လျှင် ၂၀၃၀ ပြည့်နှစ်ဆိုသည်မှာ များစွာ ဝေးကွာသော ကာလတစ်ခုဟု မဆိုနိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည်လည်း အသွင်ကူးပြောင်းရေးမှတစ်ဆင့် ခိုင်မာ တည်တံ့သည့် အဆင့်သို့ ရောက်ရှိစေရန်မှာ မျိုးဆက်သစ် လူငယ်လူရွယ်များအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး၏ နိုင်ငံရေး ယဉ်ကျေးမှု ခိုင်မာလာရန် လိုအပ်ပါသည်။ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၏ အောင်မြင်မှုကို ပြည်သူလူထု၏ လူနေမှုဘ၀များ တိုးတက်ပြောင်းလဲလာမှုများနှင့် တိုင်းတာလေ့ရှိရာ ပြည်သူလူထုကို အခြေပြုသော ပြည်သူလူထုကို အလေးအနက်ထားသော အပြောင်းအလဲများ ဆောင်ကြဉ်း နိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။         
မြန်မာနိုင်ငံသည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု  တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲနိုင် ရေး၊ ဘုံသဘောတူ လက်ခံသော အမျိုးသားရေးဝိသေသ လက္ခဏာ တစ်ရပ် တည်ဆောက်ရေးတို့ကို ဦးတည်ကြိုးပမ်း လျှောက် လှမ်းလျက် ရှိပါသည်။ ဤခရီးသည် နီးသည်ဝေးသည် မဆိုနိုင်ဘဲ မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းကြောင်း လည်း ဖြစ်နေပါသည်။
ဤသို့သော အခြေအနေတွင် အများစု၏ အဆုံးအဖြတ်ကို အနည်းစုက လက်ခံလိုက်နာခြင်း၊ အနည်းစု၏ အခွင့်အရေးကို အများစုက လေးစားခြင်း၊ မတူကွဲပြားမှုများကို အပြန်အလှန် သည်းခံခြင်းစသည့် ခိုင်မာရင့် ကျက်သော ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုကို တည်ဆောက်နိုင်ပြီး ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု တာဝန် ခံမှုရှိသော လူ့အဖွဲ့အစည်းမျိုးနှင့် တည်ငြိမ်အေးချမ်းသော  လူမှုပတ်ဝန်းကျင်မျိုး တည်ရှိမှသာလျှင် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်များကို ပြည့်မီ အောင် ဖော်ဆောင်နိုင်မည် ဖြစ်ပါ သည်။
အဆိုပါအနေအထားများ ဖန်တီးပေးနိုင်ရန်အတွက်ဆိုလျှင် ဒီမိုကရေစီဆိုင်ရာ အစုအဖွဲ့များနှင့် အခြေခံ အဆောက်အအုံများ ဖြစ်သည့် ပါလီမန်လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စနစ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဥပဒေများ စည်းမျဉ်း များကို အနာဂတ်အတွက် ရည်မှန်းလျက် ပစ္စုပ္ပန်ကို ဆင်ခြင် သုံးသပ်ပြီး အတိတ်ကိုလည်း သင်ခန်းစာယူကာ အကောင်းဆုံး ပြင်ဆင်သွားကြရမည် ဖြစ်ပါသည်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-
အထက်တွင် တင်ပြခဲ့သည့်အတိုင်း အနာဂတ်ကာလတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်း ချက်များကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့်  တိုင်းရင်းသားညီအစ်ကို မောင်နှမများ အနေဖြင့် တောင်ပေါ်မြေပြန့် မခွဲခြား ပြည်နယ်ပြည်မဟူ၍လည်း သဘောမထား တစ်သားတည်း တစ်စည်း တစ်လုံးတည်း လက်တွဲပူးပေါင်းလျှောက်လှမ်းနိုင်ရန် လိုအပ်ကြောင်း ထင်ရှား ပေါ်လွင်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံသူနိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းသာယာ သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီ အကျင့်ကို အရင်းခံကာ တစ်ဦး အပေါ်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် စုပေါင်း ပါဝင် ဆောင်ရွက်သွားကြပါရန် ယနေ့ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် အလေး အနက် တိုက်တွန်း လိုက်ရပါသည်။

No comments:

Post a Comment