နေပြည်တော် စက်တင်ဘာ ၂၈
နိုင်ငံတော်အစိုးရသည် စီးပွားရေးမူဝါဒ
၁၂ ရပ်ကို ချမှတ်အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းနေနိုင်ငံသားများနှင့်
နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအားလုံးအတွက် အလုပ် အကိုင်အခွင့်အလမ်းများ
ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းမြင့် မားသည့်စီးပွားရေးလုပ်ငန်းများကို
ကာလတိုအတွင်း ပိုမိုဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အလုပ်အကိုင် မူဝါဒနှင့်
ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာမူဝါဒများကိုလည်း ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက
ရှင်းလင်းဆွေးနွေးသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ မိမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနှင့်
လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအား
သက်ဆိုင်ရာနိုင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊
စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများ ကို နိုင်ငံတော်အစိုးရမှ
နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်၍ အမြန်ဆုံးထိရောက်စွာ ကူညီပံ့ပိုးကယ်တင်စောင့်ရှောက်ပေးပါရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက
ထိုသို့ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်သမားများအား
သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေး၊ ပြည်တွင်း၊ ပြည်ပ၌ အလုပ်
လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရရှိရေး၊ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊
အလုပ်သမားများ၏ ကျွမ်းကျင်မှုမြှင့်တင်ပေးရေးနှင့် လုံခြုံစိတ်ချစွာရွှေ့ပြောင်း သွားလာအလုပ်လုပ်ကိုင်နိုင်စေရေးတို့ကို
အဓိကအလေးပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေအများစုသည်
ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး ပညာရေးအခြေခံနည်းပါးခြင်း၊ လုပ်ငန်းကျွမ်း ကျင်မှုပညာများ
တတ်ကျွမ်းမှု မရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ သတင်းအချက်အလက် မှန်ကန်စွာရရှိမှုအားနည်းခြင်း၊
အသိပညာဗဟုသုတ နည်းပါးခြင်း၊ ဒေသခံပွဲစားများကို ယုံကြည်ကိုးစားခြင်း၊ တရားမဝင်လူစုဆောင်းခံရမှုသည်
လူကုန်ကူးမှု ကိုဖြစ်ပေါ်စေနိုင်ကြောင်း မသိရှိခြင်းတို့အပြင် နယ်နိမိတ်ထိစပ်သည့်နိုင်ငံ
များသို့သွားရောက်ရန် လွယ်ကူခြင်းတို့ကြောင့် ပြည်ပနိုင်ငံများသို့ တရားမဝင် လမ်းကြောင်းအမျိုးမျိုးမှ
သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ပါကြောင်း။
ထိုကဲ့သို့ တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းသည်
ဥပဒေနှင့်အညီ တရားဝင်သွားရောက်ခြင်းမဟုတ်သည့်အတွက် ရသင့်ရထိုက်သည့် အခွင့် အရေးနှင့်
ဥပဒေ ၏အကာအကွယ်များရရှိခံစားရခြင်းမရှိဘဲ လုပ်ခ လစာ ခေါင်းပုံဖြတ် ခံရခြင်း၊ အလုပ်ရှင်၏
မတရားညှဉ်းပန်းမှုကိုခံရခြင်း၊ လူကုန်ကူးခံ ရခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ခံစားခွင့်များဆုံးရှုံးခြင်းတို့ကို
ရင်ဆိုင်ကြုံတွေ့ နေကြရခြင်းဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက
ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည်
ပြည်ပသို့ ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံ
၏ ဥပဒေနှင့်အညီ အကာအကွယ်နှင့် ခံစားခွင့်များရရှိစေရေး၊ အလုပ်သမားဈေးကွက် အခြေအနေကို
လေ့လာနိုင်ရေးနှင့် နှစ်နိုင်ငံအလုပ် သမားရေးရာကိစ္စရပ်များကို ထိရောက်စွာပူး ပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေး
တို့အတွက် မလေးရှား၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံများတွင် အလုပ်သမား သံအရာရှိများ
ခန့်ထားပြီး သက်ဆိုင်ရာမြန်မာသံအမတ်ကြီး၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် သံရုံးမှ တာဝန်ရှိသူများနှင့်
အတူ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အလုပ်သမား သံအရာရှိ မရှိသည့်နိုင်ငံများတွင် ယင်းနိုင်ငံများရှိ
မြန်မာသံရုံး များမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရကုမ္ပဏီများကို
ပိုမိုထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် ပြည်ပရှိမြန်မာအလုပ် သမားများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက်
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင် မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်ကို ဖွဲ့စည်းပေးခဲ့ပြီး
အေဂျင်စီများလိုက်နာ ရမည့် ကျင့်ဝတ်လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့
ပါကြောင်း။
စည်းကမ်းလိုက်နာမှုမရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်
လိုင်စင်ရအေဂျင်စီများကို စိစစ်အရေးယူမှုများပြု လုပ်လျက်ရှိရာ လိုင်စင်အပြီး ရုပ်သိမ်းခဲ့သည့်
အေဂျင်စီ ၄ ခု၊ ယာယီရုပ်သိမ်းခဲ့သည့် အေဂျင်စီ ၇ ခုနှင့် အမှုစိစစ်နေဆဲဖြစ်သဖြင့် အလုပ်ခေါ်စာအသစ်လျှောက်ထား
တင်ပြခြင်းကို ဆိုင်းငံ့ထားသောအေဂျင်စီ ၉ ခုရှိပါကြောင်း၊ အလုပ်သမားရေးရာ ပြဿနာ များပေါ်ပေါက်၍
စိစစ်ရာတွင် လိုင်စင်ရအေဂျင်စီဖြစ်ပါက ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေအရလည်းကောင်း၊ ချမှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများအရ လည်းကောင်း အရေးယူဆောင်ရွက် သကဲ့သို့ လိုင်စင်မရှိသည့် ကုမ္ပဏီများ၊
လူပွဲစားများဖြစ်ပါက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူ နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခြင်းဖြင့် ဝန်ကြီးဌာနအချင်းချင်း
ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါကြောင်း ဆွေးနွေးသည်။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့်
ပြည်ပနိုင်ငံများသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအားလုံးကို
ကာကွယ်စောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ
တို့သို့ရောက်ရှိနေသည့် အထောက်အထားမဲ့ အလုပ်သမားများ ကို နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးချက်များအရ
အထောက်အထားများထုတ်ပေးပြီး တရားဝင် အလုပ်လုပ်ကိုင်စေနိုင်ခဲ့ပါကြောင်း။
ပြည်ပနိုင်ငံများ၌ နည်းလမ်းအမျိုးမျိုးဖြင့်
တရားမဝင်ရောက်ရှိ အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများသည် မည်သည့်နေရာ၊ မည်သည့်အလုပ်
အမျိုးအစားတွင် ရောက်ရှိနေသည်ကို သိရှိနိုင်ခြင်းမရှိသဖြင့် ၎င်းတို့ ခံစား နေရသော ဒုက္ခများ၊
ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်စောင့်ရှောက်ပေး ရန် ခက်ခဲသည့်အခြေအနေ ကို တွေ့ကြရ
မည်ဖြစ်ကြောင်း၊ တရား မဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ စာရင်းရရှိရေး
ကို နိုင်ငံတော်အစိုးရ နှင့်အတူ နိုင်ငံသားတိုင်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရန် လိုအပ်မည်ဖြစ်ပါ
ကြောင်း။
ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်
အစိုးရတစ်ခု တည်း မဟုတ်ဘဲ အေဂျင်စီများ၊ ကုမ္ပဏီများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ NGO
၊ INGO များနှင့် အလုပ်သမားများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်ထိရောက်မည်ဖြစ်ပါကြောင်း၊
သို့ပါ၍ အဆိုကို မှတ်တမ်းတင် ထားရှိသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဆွေးနွေး
သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍
လွှတ်တော်၏ သဘောထားရယူပြီး အဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် မည် ဖြစ်ကြောင်း
ကြေညာသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
မေးခွန်း ၃ ခု မေးမြန်းဖြေကြားကြပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းနှင့်စပ်လျဉ်း
၍ ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို
ဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတစ်ရပ်လုံးကို
ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ များအတိုင်း အတည်ပြုကြောင်းနှင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ
နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာ သည်။

No comments:
Post a Comment