Friday, September 16, 2016

ခိုကိုးရာမဲ့နေသူများ၏ဘ၀ ပြန်လည်ရှင်သန်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  စက်တင်ဘာ ၁၆
လမ်းပေါ်နေကလေးများနှင့် တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့ မသန်းစွမ်းသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူ့အသိုင်းအ၀ိုင်းအတွင်း ပြန်လည်ဝင်ဆန့်နိုင်ရေးအတွက် ရှေ့ပြေးစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်များတွင် ခိုကိုးရာမဲ့တောင်းရမ်း စားသောက်နေသူများကို ပြုစုစောင့်ရှောက်၍ ၎င်းတို့ဘ၀များ ပြန်လည်ရှင်သန်လာစေရန် လုပ်ဆောင်ပေးမည့် စီမံကိန်းတစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထက်အပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများနှင့် တောင်းရမ်းစား သောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက် သူမဲ့ မသန်စွမ်းသူများအား ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ များမှ ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုင်းအ၀ိုင်းအတွင်း ပြန်လည်ဝင်ဆန့်ရေး ဆောင်ရွက်မှုများတွင် တိကျသောလုပ်ငန်းစဉ်၊ လိုအပ်သောပံ့ပိုးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသဖြင့် လမ်းပေါ်နေ ကလေးများနှင့် တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းသူများအား ကာကွယ် စောင့်ရှောက်ရေးနှင့် လူ့အသိုင်းအ၀ိုင်းအတွင်း ပြန်လည်ဝင်ဆန့်နိုင်ရေးအတွက် ရှေ့ပြေးစီမံချက်ကို ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်နိုင်ရန် အစိုးရသစ်၏ ရက်တစ်ရာစီမံချက် ကာလအတွင်း ရေးဆွဲခဲ့ပါကြောင်း။
အဆိုပါစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်လျက် ရှိပါကြောင်း၊ ထိုအစည်းအဝေးများမှ ရလဒ်များအပေါ်မူတည်၍ ၎င်းစီမံချက်ကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်၏ “သရေခေတ္တရာပျူမြို့ဟောင်းကို UNESCO အဖွဲ့ကြီး၏ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ စံချိန်စံညွှန်း များနှင့်အညီ ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ပြည်ထောင်စု အဆင့် Master Plan ရေးဆွဲဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများကို တွဲဆက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသည့် ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် သတ်မှတ်ပေးခဲ့ပါကြောင်း။
ကမ္ဘာ့အမွေအနှစ်ကော်မတီ UNESCO သို့ တင်ပြခဲ့သော အမွေအနှစ်စီမံခန့်ခွဲမှု အစီအစဉ်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ငါးနှစ်အချိန်ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိတ်ကိုဖော်ပြထားပါကြောင်း၊ ၂၀၁၃ ခုနှစ် မှစ၍ ယနေ့အထိ အဓိကစီမံခန့်ခွဲရမည့် အကြောင်းအရာ ၈ ခုဖြစ်သည့် မူဝါဒ၊ စီမံခန့်ခွဲ မှုအစီအစဉ်၊ သုတေသန၊ ထိန်းသိမ်းရေး၊ ပြုပြင်စောင့်ရှောက်မှု၊ မြေယာပိုင်ဆိုင်မှု၊ မြေအသုံးချမှု၊ ခရီးသွားဧည့်သည်များအတွက် လိုအပ်ချက်နှင့် အခြေခံအဆောက်အအုံများပံ့ပိုးမှု၊ သတင်းအချက်အလက်နှင့် အဓိပ္ပာယ်တိကျစွာ ဖော်ထုတ်နိုင်မှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးမှုတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ယူ ကာ ဆက်စပ်ဦးစီးဌာနများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် အချိန်ကာလအလိုက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမွေအနှစ် စီမံခန့်ခွဲမှုအစီအစဉ် Management Plan ရေးဆွဲ တင်ပြထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းမှုနှင့်ပတ်သက်၍ အတတ်ပညာ၊ နည်းပညာအရ စီမံခန့်ခွဲမှုအစီအစဉ်မှ ဆောင်ရွက်ချက်များကို UNESCO နှင့် ကမ္ဘာ့အမွေအနှစ် ကော်မတီ တို့မှ လက်ခံအတည်ပြု သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံဘက်မှလည်း အကောင်အထည် ဖော်ဆောင်ရွက်ပါမည် ဟု အတည်ပြု ပြောကြားထားပြီး ဖြစ်ပါကြောင်း။
Management Plan ရေးဆွဲရေးလုပ်ငန်းသည် ပျူရှေးမြို့ဟောင်းများအပါအ၀င် ဒေသကြီးတစ်ခုလုံးအတွက်လိုအပ်သော ဘက်စုံလွှမ်းခြုံစီမံကိန်း အစီအစဉ်ဖြစ်သဖြင့် အမျိုးသားအဆင့်အဖြစ် နိုင်ငံတော်အဆင့်မှ ဦးဆောင်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ရခိုင်ပြည်နယ် ကျောက်တော်မြို့၏ အဓိကလမ်းမကြီးတစ်လမ်းဖြစ်သည့် ကမ်းနားလမ်းကို လူသွားလမ်း ပလက်ဖောင်း အပါ ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကျောက်တော်မြို့၏ အဓိက လမ်းမကြီးဖြစ်သည့် ကမ်းနားလမ်း၏ တစ်နေ့တာယာဉ်သွားလာမှု အတိုင်းအတာအရ ၁၈ ပေ အကျယ် ကတ္တရာ လမ်းအဆင့် ဆောင်ရွက်လျင် လုံလောက် မှုရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် စုစုပေါင်း ခန့်မှန်း ကုန်ကျငွေ ကျပ် (၃၃၀ ဒသမ ၈၇) သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေရရှိသည့် ပြည်နယ်ရန်ပုံငွေ ကျပ် (၂ ဒသမ ၀၂၈) ဘီလီယံကို ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို ဦးစားပေး အလိုက် ခွဲဝေသုံးစွဲရသည့်အတွက် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လုံလောက်ခြင်းမရှိ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဘဏ္ဍာငွေစီမံခန့်ခွဲမှုအရ ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။ 

No comments:

Post a Comment