Friday, September 16, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းဝေးခန်းမ၌ကျင်းပရာ မေးခွန်း (၂) ခုကို မေးမြန်းဖြေကြားကြပြီး အဆို (၁) ခုကို ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၏ ဆက်လက်ပြေးဆွဲခြင်းမရှိ တော့သော ပြည်- ပေါက်ခေါင်း- မီးရထားလမ်းအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို  သိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြည်-ပေါက်ခေါင်း လမ်းပိုင်းတွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လိုအပ်ချက် များမရရှိနိုင်ခြင်း၊ စီးပွားရေးအရ တွက်ခြေမကိုက်ခြင်းတို့ကြောင့် ဆက်လက်ပြေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း၊ ရထားလမ်းဖောက်လုပ်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများအတွက် ပြည်ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ အတည်ပြုချက်ရရှိပါက ပဲခူးတိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့တင်ပြပြီး လျော်ကြေး တန်ဖိုး အတည်ပြုချက်ရရှိရေးဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးမှ အတည်ပြုချက် ရရှိပြီးပါက မြန်မာ့မီးရထား အနေဖြင့် ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက လျော်ကြေးပေးချေနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တာပေါင်များကြောင့် လယ်ယာမြေများထိခိုက်မှုကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းသည်။
မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင် ၏ မာန်အောင်မြို့နယ်မှ ပြည်သူများ အန္တရာယ်ကင်းစွာ ခရီးသွားလာ နိုင်ရန်အတွက် အုန်းချောင်းသို့ အ၀င် ချောင်းအ၀ကို ပြန်လည်တူး ဖော်ပေးရန်အစီစဉ်ရှိ/ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အုန်းချောင်း သောင်တူးဖော်ခြင်းလုပ်ငန်းအတွက် လာမည့်ပွင့်လင်းရာသီတွင် ကွင်းဆင်း တိုင်းတာစစ်ဆေးပြီး ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ကာ ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေတွင် တင်ပြတောင်းခံနိုင်ရေး ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ပန်းပဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေ ၏ နိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် အကျိုးပါဝင် ပတ်သက်သူများအားလုံးသည် E-Government Website များမှ Mobile Application ကတစ်ဆင့် ဌာနဆိုင်ရာ ၀န်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ရယူ သုံးစွဲနိုင်ရေးအတွက် E-Government စနစ်များ ပိုမိုထိရောက် အောင်မြင်စွာအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၉ ဦးတို့က ဆွေးနွေးကြသည်။
တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းက အစိုးရဌာနများမှ ဆုံးဖြတ်ချက်ရရှိနိုင်ရေး ကိစ္စရပ်များတွင် စာရွက်စာတမ်းများဖြင့် အဆင့်ဆင့်တင်ပြတောင်းခံနေရခြင်းများကို ပြောင်းလဲရန် လိုအပ်ပြီဖြစ် ကြောင်း၊ ထိုသို့ပြောင်းလဲရန် E-Government စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအကြီးအကဲများ ဦးဆောင်ပါဝင်ဆောင်ရွက်မှသာ ပြောင်းလဲမှုလုပ်ငန်းများ အဆင်ပြေမည်ဖြစ်ကြောင်း၊ E-Government စနစ်သည် ကနဦး ကုန်ကျမှုများမည်ဖြစ်သော်လည်း ရေရှည်တွင် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှုများ လာမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က ယနေ့ကမ္ဘာတွင် နည်းပညာကို ထိရောက်စွာ အသုံးချနေကြပြီဖြစ်ကြောင်း၊ နည်းပညာစနစ်ကောင်းများကို သေချာစွာလေ့လာပြီး ကျွမ်းကျင် အောင်လေ့ကျင့် အသုံးချရမည်ဖြစ်ကြောင်း၊ E-Government စနစ်ဖော်ဆောင်ရေး လုပ်ငန်းအစတွင် သင်ယူမှုအခက်အခဲနှင့် ကုန်ကျစရိတ်ကြီးမြင့်မှုများ ရှိနိုင်သော်လည်း ရေရှည်တွင် စနစ်ကျ သည့်အခွန်ကောက်ခံမှု၊ စာရင်းအင်းတိကျမှုများ စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အပြင် အဂတိလိုက်စားမှုများလည်း ပပျောက်သွားမည်ဖြစ်ကြောင်း၊ E-Government စနစ်ကို အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသည်။
မင်းပြားမဲဆန္ဒနယ်မှ ဦးစစ်နိုင် က  E-Government Index နှင့် Corruption Index  တို့သည် ပြောင်းပြန်အချိုးကျ ဆက်နွယ်နေသည့်အတွက် E-Government စနစ်ကို အကောင်အထည် ဖော်မည်ဆိုပါက အကျင့်ပျက်ခြစားမှုများ လျော့နည်းလာပြီး လူမှုဘ၀များ တည်ငြိမ်မြင့်တက်လာ မည်ဖြစ်ကြောင်း၊ E-Government စနစ်ဖော်ဆောင်ရာတွင် ရင်းနှီးမြုပ်နှံမှုပမာဏ ကြီးမား မည်ဖြစ်သော်လည်း ရေရှည်တွင်အကျိုးရှိ မည်ဖြစ်သည့်အတွက် မိမိနိုင်ငံနှင့်သင့်လျော်သည့်  အတိုင်းအတာကို ညှိနှိုင်းဖော်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ဗျူရိုကရေစီ Mechanism ကို မောင်းနှင်သည့် အစိုးရသည် မိမိတို့ကိုယ်တိုင် ခေတ်မီတိုးတက်မှုရှိမှသာ ပြည်သူများခေတ်မီ ဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဆိုကို မှတ်တမ်းတင်ထားရှိသင့်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

No comments:

Post a Comment