Sunday, September 11, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိ

ဟီသရိုး (လန်ဒန်) စက်တင်ဘာ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့ခရီးစဉ်၊ အမေရိကန်နိုင်ငံ တရားဝင်ခရီးစဉ်နှင့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် ယမန် နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာရာ ယမန်နေ့ ဒေသစံတော်ချိန် ည (၇) နာရီ ၁၅ မိနစ် တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဟီသရိုးလေဆိပ်သို့ ရောက်ရှိကြသည်။



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စွာမင်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်တို့က ဟီသရိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီတွင် လန်ဒန်မြို့ ရှိ ခေတ္တတည်းခိုသည့် မြန်မာသံရုံး၌  ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး (၁၂) ဦးတို့နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒနှင့် လမ်းစဉ်များ၊ ဦးစားပေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံက ကျင့်သုံးနေသည့် နိုင်ငံခြားရေး မူဝါဒများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ချစ်ခင်ရင်းနှီးစွာဆက်ဆံပြီး ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးနေပါ ကြောင်း၊ သံတမန်ဝန်ထမ်းများ အနေဖြင့် မိမိနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေ သည့်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်နေသည့် အခြေ အနေများကို  အသေးစိတ်ရှင်းလင်းပြောကြားသည်။
သံအမတ်ကြီးများကလည်း မိမိတို့ တာဝန်ထမ်းဆောင်နေသည့်နိုင်ငံနှင့် မြန်မာ နိုင်ငံ၏ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးတက်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ သံရုံး၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြ သည်။
တွေ့ဆုံပွဲသို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ အီတလီနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးမြင့်နောင်၊ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးပေါ်လွင်စိန်၊ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးခိုင်၊ ဆော်ဒီ အာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုလတ်၊ ဆာဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ နော်ဝေနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဒေါ်မော်မော်၊ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစန်းလွင်၊ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်လွင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment