Sunday, September 11, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲ တက်ရောက်


နန်နင်း စက်တင်ဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေး ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်သည်။



ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ကျန်းကောင်းလိနှင့် အာဆီယံအဖွဲ့ ၀င် နိုင်ငံအကြီး အကဲများက မိန့်ခွန်းပြောကြားကြ သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် တရုတ်နှင့် အာဆီယံ ဆက်ဆံရေးသည် ၂၅ နှစ် ပြည့်မြောက်ပြီဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ဘက်စုံတိုးတက်ခဲ့ပါကြောင်း၊ တရုတ်နှင့်အာဆီယံနိုင်ငံ များအနေဖြင့် ဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြောင်း၊ လာမည့် ၅ နှစ် အတွက် တရုတ်နှင့်အာဆီယံနိုင်ငံ များဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အစီအစဉ် များ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ တရုတ်နှင့်အာဆီယံ နိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ပါ ကြောင်း။
တရုတ်- အာဆီယံကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၇၂ ဒသမ ၁၆ ဘီလီယံအထိ တိုးတက်ခဲ့ကာ ၁၉၉၁ခုနှစ်ကထက် ၅၈ ဆတိုးတက် ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလည်း လွန်စွာဖွံ့ဖြိုး တိုးတက်ခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံ သည် AIIB တွင် စတင်ပါဝင်ခဲ့သည့် နိုင်ငံများဖြစ်သည်နှင့်အညီ ဒေသတွင်း အခြေခံ အဆောက်အအုံများ၊ လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တရုတ်နှင့်အာဆီယံနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီမည့် ရပ်ဝန်းတစ်ခု-လမ်းကြောင်း တစ်ခုနှင့် ၂၁ ရာစုပိုးလမ်းမကြီးစီမံကိန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝမှုကို အတူတကွ ရရှိခံစားရမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအပါအ၀င် အာဆီယံ အရှေ့ပိုင်း ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေး အတွက် ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်-အာဆီယံကုန်စည် ပြပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်း နှီးမှု၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ခြင်း၏ သင်္ကေတတစ်ခုအဖြစ် ရှုမြင်သည့်အားလျော်စွာ တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်ဖိုရမ်များ နှစ်စဉ်ကျင်းပနိုင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအား ထုတ်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း။
ယခုနှစ်သည် အာဆီယံနှင့် တရုတ်နိုင်ငံတို့ ဆွေးနွေးဖက် ဆက်ဆံရေးတည် ထောင်ခြင်းဆိုင်ရာ ၂၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်သဖြင့် “၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကြီးကို အတူတကွ တည်ဆောက်ခြင်းဖြင့် အကျိုးစီးပွား မျှဝေကြမည့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အသိုက်အ၀န်းဆီသို့ ပူးတွဲတက် လှမ်းကြပါစို့” ဟူသည့် ဆောင်ပုဒ်သည် အလွန်ပင် အချိန်အခါသင့်ကာ လိုက်ဖက်မှုရှိပြီး အာဆီယံအသိုက်အ၀န်းတည်ဆောက်ခြင်းနှင့်အပြိုင် အာဆီယံ-တရုတ် မဟာဗျူဟာ ကျသည့် မိတ်ဖက် ဆက်ဆံရေးတိုးတက်စေရန် အားပေးတိုက်တွန်းနေပါကြောင်း။
ပိုမိုကောင်းမွန်စွာ ပေါင်းစည်းဆက်သွယ်ထားသော အာဆီယံသည် စီးပွားရေး တိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကွာဟချက်ကျဉ်းမြောင်းစေမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးတက်စေရေးတို့ကို မြှင့်တင်ရာတွင် အဓိကျသည်ဟု လက်ခံအသိ အမှတ်ပြုပါကြောင်း၊ ဤနေရာတွင် အာဆီယံပေါင်းစည်းဆက်သွယ်မှုဆိုင်ရာ မဟာ စီမံကိန်းအကောင်အထည်ဖော်ခြင်းကို အထောက်အကူဖြစ်စေသည့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများနှင့် အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဘဏ် တည်ထောင် ရေး ဦးဆောင်ဦးရွက်ပြုမှုတို့ကို ကြိုဆိုပါကြောင်း။
အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ကုန်း-ရေ နှစ်သွယ်ထိစပ်နေသည့် အားလျော် စွာ တရုတ်နိုင်ငံ၏ ၂၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမ ဦးဆောင်ဦးရွက်ပြုမှုသည် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံရေးတွင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည် ဖြစ်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
အပြန်အလှန်လေးစားမှု၊ သာတူညီမျှ အကျိုးဖြစ်ထွန်းစေမှု၊ တူညီဆန္ဒတို့အပေါ် အခြေခံသည့် ၂၁ ရာစုပင်လယ်ရေကြောင်း ပိုးလမ်းမအကောင်အထည်ဖော်ရေးတွင် မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံတို့နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း(One belt one road)သည် မဟာဗျူဟာ ကျသည့်အချက်များဖြစ်သည့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများနှင့် ဈေးကွက်အသစ်များ တိုးတက် ရရှိစေရန် ဖော်ဆောင်ပေးမည်ဟု ရှုမြင်ပါကြောင်း၊ အလားတူ ၂၁ ရာစုပင်လယ်ရေ ကြောင်းပိုးလမ်းမသည် ကုန်ထုတ် လုပ်မှု၊ အခြေခံအဆောက်အအုံနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှု အစရှိသည့် နယ်ပယ်များ တွင် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။
အာဆီယံနှင့်တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အတွက် ဘုံတူညီ သည့် အကျိုးစီးပွားများရှိကြပြီး အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ရည်မှန်းချက် ချင်းတူပြီး ပိုမိုနီးကပ်သော အသိုက်အ၀န်းတစ်ရပ်ကို တည်ဆောက်နိုင်မည့် ၂ + ၇ မူဘောင်ကို အခြေခံလျက် ဒေသတွင်းပေါင်းစည်းဆက်သွယ်ရေးအတွက် ကဏ္ဍစုံတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူညီချက်အား အဆင့်မြှင့်တင်ခြင်းနှင့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ပြင် ဆင်ချက်အား လက်မှတ်ရေးထိုးခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-တရုတ် နှစ်ဖက်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရရှိရေး ရည်မှန်းချက်ကို ပေါက်မြောက်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အ၀န်း မူဘောင်အတွင်းမှသာ မက နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများတွင်ပါ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးမြှင့်တင်ရန် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက် ခဲ့သည့် ခရီးစဉ် နှင့် ၂၀၁၆ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့သည့်ခရီးစဉ်တို့သည် အချိန်ကြာမြင့်စွာတည်ရှိခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတောင့် တင်းခိုင်မာစေပါကြောင်း။
မိမိတို့အနေဖြင့် အိမ်နီးချင်းကောင်းမူဝါဒကိုစွဲကိုင်ပြီး နှစ်နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိုမြှင့်တင် လျက် မိမိတို့ပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွား အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကတိပြုပါကြောင်း။
တူညီသည့်ရည်မှန်းချက်အတွက် ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အသိုက် အ၀န်းကို တည်ဆောက်နိုင်ရေးအတွက် ချစ်ကြည်ရင်းနှီးမှုနှင့် သာတူညီမျှရှိမှု မူဝါဒ များနှင့်အညီ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားနိုင်မည်ဟု မျှော် လင့်ပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် တရုတ်နိုင်ငံ သတင်းဌာန (၈)ခုမှ သတင်း သမားများအား လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး ဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်းသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် ကွမ်ရှီးကျွမ်းတိုင်းရင်းသားလူမျိုးစုများ ပြတိုက် သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ကွမ်ရှီးကျွမ်း တိုင်းရင်းသားလူမျိုးစုပြတိုက်ကို ၂၀၀၃ ခုနှစ်က စတင်ဆောက် လုပ်ခဲ့ပြီး သုတေသနပြခန်း၊ ကာကွယ်ရေးပြခန်း၊ ပညာရေးပြခန်းများအပြင် ယဉ်ကျေးမှု အမွေ အနှစ်များနှင့် အနုပညာလက်ရာများ၊ ဒေသခံတိုင်းရင်းသားလူမျိုးစု ၁၂ မျိုးတို့ ညီညီညွတ်ညွတ် ယှဉ်တွဲနေထိုင်ခြင်းဖြင့် တိုးတက်မှုရရှိခဲ့သည့် ရလဒ်များကို ခင်းကျင်းပြသထားသည်။
ထို့နောက် ဒုတိယသမ္မတသည် နန်နင်းမြို့ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ် ရုံးရှိ Myanmar Trade and Investment Promotion Center (နန်နင်း)ကို ကြည့်ရှု စစ်ဆေးသည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ကောင်စစ်ဝန်ချုပ်ရုံးမှဝန်ထမ်းများနှင့် မိသားစုများ၊ မြန်မာပညာတော်သင်ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ ဧည့်ခံ သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment