Saturday, September 10, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ဖွင့်လှစ်ပေး


နန်နင်း စက်တင်ဘာ ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ချင်းရှူးတောင်ရှိ ဗုဒ္ဓဘုရားကျောင်းသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ကျောင်းထိုင် ဘုန်းတော်ကြီးအား ဂါရ၀ပြုကာ လှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။

ထို့နောက် ဒုတိယ သမ္မတသည် ချင်းရှူးတောင်တွင် လှည့်လည် ကြည့်ရှုလေ့လာသည်။

ချင်းရှူးတောင်တန်းသည် နန်နင်းမြို့၏ ထင်ရှားသောမြင်ကွင်း ၈ ခုအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး ခန့်ညား ထည်ဝါသည့် စိမ်းလန်းသော တောင်ကုန်း၊ တောင်တန်းများ၊ စိမ်းစိုသော သစ်ပင်ကြီးများ၊ ကြည်လင်သော စမ်းချောင်းနှင့် အံ့သြဖွယ်ကျောက်တုံး များစသည့် လှပသောမြင်ကွင်းများကြောင့် ထင်ရှားပြီး အမျိုးသား သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဆင့်အမြင့်ဆုံးနေရာအဖြစ် သတ်မှတ်ထားသည်။

ထို့နောက် ဒုတိယသမ္မတသည် ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ချန်ဝူအား ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် လိယွမ်အစိုးရဧည့်ဂေဟာ၌ လက်ခံ တွေ့ဆုံပြီး ကုန်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနသို့ ရောက်ရှိပြီး (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ကွမ်ရှီးပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှင်ပေဟိုင်တို့နှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းများအား လိုက်လံ ကြည့်ရှုအားပေးသည်။

ယခုကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်း ၁၄၅ ခန်းဖွင့်လှစ်၍  မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများအား ကဏ္ဍအလိုက် စုံလင်စွာပြသထားသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ကျန်းကောင်းလိ တို့သည် လိယွမ်အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်နိုင်ခဲ့သည့်အတွက် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုများ ပိုမိုရရှိလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး ကဏ္ဍများအတွက် အကူအညီများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းတို့ အတွက် တရုတ်နိုင်ငံအနေဖြင့် ၀မ်းမြောက်ကြောင်း ပြောကြားရာ ဒုတိယ သမ္မတ ကလည်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် အောင်မြင်လာပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဖော်ဆောင်ရေး ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။


 တွေ့ဆုံပွဲအပြီးတွင် ဒုတိယ သမ္မတသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ 

No comments:

Post a Comment